ကြက်ဥပုံပြင်
သင်သေသွားတယ်။ အိမ်ကိုပြန်လာတဲ့
လမ်းမှာပဲ သင်သေသွားတယ်။ သမားရိုးကျ ကားအက်စီဒင့် တစ်ခုဖြစ်ပေမယ့် သေလောက်တဲ့အထိတော့
ဖြစ်သွားတယ်။ သင့်မှာ မိန်းမနဲ့ ကလေးနှစ်ယောက် ကျန်ခဲ့တယ်။ ဖြစ်ပျက်သွားတာက မြန်ဆန်လွန်းတော့
နာကျင်မှုကိုတောင် မခံစားလိုက်ရဘူး။ အရေးပေါ် ကယ်ဆယ်ရေးသမားတွေက သင့်ကို အချိန်မီကယ်ဆယ်ဖို့
ကြိုးစားကြပေမယ့် ဘာမှ လုပ်ပေးဖို့လည်း မတတ်နိုင်ကြဘူး။ သင့်ခန္ဓာကိုယ်က တစ်စစီတောင်ပြန်ကျဲလို့နေပါတယ်။
အဲဒီမှာပဲ သင်က ကျွန်ပ်နဲ့စတွေ့ခဲ့တာ
ဖြစ်ပါတယ်။
"ဘာ…ဘာဖြစ်သွားတာလဲ….
အခုက ဘယ်ရောက်နေတာလဲ"
သင်က ကျွန်ပ်ကိုမေးတော့ ကဗျာဆန်မနေတော့ဘဲ
တည့်တည့်ပဲဖြေလိုက်တယ်။
"မင်းသေသွားတယ်"
"ထရပ်ကားတစ်စီးက…. အဲ့နားမှာ
.. ရပ်ထားတာ"
"ဟုတ်တယ်"
"ငါ…ငါသေသွားပြီလား.."
"အင်း…ဒါပေမယ့် သိပ်တော့စိတ်မကောင်းမဖြစ်ပါနဲ့..
လူတိုင်းက အချိန်တန်ရင် သေကြရတာပါပဲ"
သင်က ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်တယ်။
သင်ရယ် ကျွန်ပ်ရယ်ကလွဲရင် ဘာမှမရှိဘူး။
"ဒါဘယ်နေရာလဲ…သေပြီးရင်ရော
နောက်ဘဝရှိတာလား"
"နေမှာပေါ့"
"ခင်ဗျားက တန်ခိုးရှင်
လား"
သင်ကမေးတော့ပြန်ဖြေလိုက်တယ်။
"ဟုတ်တယ်…ငါက တန်ခိုးရှင် ပါပဲ"
"ကျွန်တော့ မိန်းမနဲ့
ကလေးတွေ……."
"ဘာဖြစ်လဲ.. မင်းမိန်းမနဲ့ကလေးတွေ"
"သူတို့တွေ အဆင်ပြေကြလား"
"အဲ့တာကို ငါလည်းသိချင်နေတာ…မင်းကအခုပဲသေသွားတာ…မင်းကမင်းမိသားစုကို
စိတ်ပူနေတယ်..ကောင်းပါ့ကွာ"
သင်က ကျွန်ပ်ကို စိတ်ဝင်တစားကြည့်တယ်။
မင်းအနေနဲ့ငါကို တန်ခိုးရှင်
လို့ ထင်ချင်စရာရှိချင်မှရှိမယ်။ ငါ့က တစ်ချို့သော ယောင်္ကျား.. ဒါမှမဟုတ် တစ်ချို့သော
မိန်းမတွေနဲ့ တူချင်တူမယ်။ ငါ့ကို ဘယ်လိုပုံစံဆိုတာ သဲသဲကွဲကွဲ မြင်နိုင်တဲ့အစွမ်း
မင်းတို့မှာ မရှိတာလည်း ဖြစ်နိုင်ပါတယ်။
"စိတ်မပူပါနဲ့… မင်းမိသားစုတွေက
အဆင်ပြေကြပါတယ်။ မင်းရဲ့ကလေးတွေက မင်းကို ဖခင်ကောင်း တစ်ယောက်အဖြစ်နဲ့ သတိရနေကြလိမ့်မယ်။
သူတို့ဟာ သေဆုံးသွားတဲ့ဖခင်အပေါ် မထီမဲ့မြင်တောင် မပြုကြဘဲ ကြီးပြင်းလာလိမ့်မယ်။ မင်းမိန်းမကတော့
အပြင်ပန်းမှာ ငိုနေပေမယ့် စိတ်ထဲကတော့ ကြိတ်ဝမ်းသာနေတယ်။ မျှမျှတတပြောရရင် မင်းမသေရင်လဲ
မကြာခင်မှာလဲမင်းတို့ အိမ်ထောင်ရေးကလည်း ပြိုကွဲဖို့ရှိတယ်။ နှစ်သိမ့်စကားလေးနဲ့ ဖာထေးပြောရရင်တော့
သူကြိတ်ဝမ်းသာနေမိတဲ့အပေါ် အကြီးအကျယ်နောင်တရလိမ့်ဦးမယ်"
"အော်…….. ဒါ့ဖြင့်
အခုကဘာလဲ.. ကျွန်တော်က ကောင်ကင်ဘုံသွားရမှာလား.. ငရဲသွားရမှာလား ဘယ်သွားရမှာလဲ"
"ဘယ်မှမသွားရဘူး…မင်းနောက်တစ်ဖန်
လူပြန်ဝင်စားရလိမ့်ဦးမယ်"
"အန်… ဒါဖြင့် ဟိန္ဒူတွေရဲ့
အယူအဆက မှန်နေတာပေါ့"
"ဘာသာတွေ အားလုံးကတော့
သူရဲ့နည်းလမ်းနဲ့သူ အမှန်တွေချည်းပါပဲ… ကဲ..ငါနဲ့လမ်းလျှောက်ရအောင်"
ဟာလာဟင်းလင်းပြင်မှာ ခြေလှမ်းကျဲကျဲနဲ့
လျှောက်တာကို သင်ကအမှီလိုက်လျှောက်နေတယ်။
"ဘယ်သွားနေတာလဲဗျ"
"ဘယ်မှ မသွားပါဘူး…
ဒီအတိုင်း လမ်းလျှောက်ရင်း စကားစမြည်ပြောရတာ မကောင်းဘူးလား"
"ဒါဆို ဘာအကြောင်းပြောကြမှာလဲ….
ကျွန်တော်လူပြန်ဝင်စားတဲ့အခါကျရင်လဲ ကလေးပေါက်စလေးအနေနဲ့ပဲ ပြန်မွေးလာရမှာပေါ့နော်…
ဘာမှမသိတော့တဲ့ အခြေအနေလေ။ အဲ့လိုသာဆိုလို့ကတော့ ဒီဘဝမှာရခဲ့တဲ့ အတွေ့အကြုံတွေ၊ ကြိုးစားမှုတွေက
အလကားပါပဲလား"
"နိုး..အလကားတော့မဟုတ်ဘူး။
မင်းအရင်ဖြစ်ခဲ့ဖူးသမျှ ဘဝတွေအားလုံးရဲ့ အသိပညာတွေ၊ အတွေ့အကြုံတွေ အားလုံးမင်းဆီမှာ
ရှိတယ်။ လောလောဆည် ပြန်မမှတ်မိသေးတာလေး တစ်ခုပါပဲ"
ကျွန်ပ်က လမ်းလျှောက်နေတာရပ်လိုက်ပြီး
သင့်ရဲ့ ပုခုံးကို ကိုင်လိုက်ရင်း
"မင်းရဲ့ ဝိဉာဉ်က မင်းတွေးထင်ထားတာထက်
ပိုပြီး ကြီးကျယ်ခန်းနားတယ်။ ပိုပြီး ကြီးမားလှပတယ်။ လူတွေရဲ့ ဦးနှောက်ကတော့ အလွန်သေးငယ်တဲ့
အစိတ်အပိုင်းလေးတစ်ခုကိုပဲ သယ်ဆောင်နိုင်တယ်။ ဘာနဲ့တူလဲဆိုတော့ ဖန်ခွက်ထဲကရေ ပူလား၊
အေးလားဆိုတာ သိရဖို့အတွက် လက်ချောင်းကလေး ထည့်ကြည့်သလိုပေါ့။ အရမ်းသေးငယ်တဲ့ အိုးကလေးက
မင်းနဲ့မဆန့်လို့ အိုးထဲမှာ ဘာရှိလဲဆိုတာသိရဖို့ မင်းရဲ့ အစိတ်အပိုင်းတစ်ခုကို အိုးထဲထည့်လိုက်သလိုပဲ။
အိုးထဲကနေ ပြန်ယူလိုက်တဲ့အခါမှာ အိုးထဲမှာ ရှိတဲ့ဟာတွေ အားလုံးမင်းဆီရောက်သွားရော"
"မင်းလူဖြစ်ခဲ့တာလဲ
၄၈ နှစ်ရှိသွားပြီ။ ဒါ့ကြောင့် အကန့်အသတ်မရှိတဲ့ မင်းရဲ့အသိတရားတွေဘက်ဆီ ခုချက်ချင်း
မဆွဲဆန့်နိုင်သေးဘူး။ ဒီနေရာမှာ ငါတို့ အချိန်တော်တော်ကြာထိ နေလိုက်မယ်ဆိုရင်တော့ မင်း
အားလုံးကို ပြန်မှတ်မိလာမှပါ။ ဒါပေမယ့် ဘဝတစ်ခုနဲ့ တစ်ခုအကြားမှာ ဒီလောက်အကြာကြီးနေဖို့လဲ
ဘာအကြောင်းမှ မရှိဘူးလေ"
"ဒါဖြင့် ကျွန်တော်က
ဘယ်နှကြိမ်တောင် ပြန်ဝင်စားခဲ့ရပြီးပြီလဲ"
"အော.. အများကြီးပေါ့ကွာ..
အများကြီးမှ အများကြီး။ ဘဝတွေများစုံလို့။ ဒီတစ်ကြိမ်မှာတော့ မင်းက AD -504 ကာလလောက်မှာ
တရုတ်ကျေးတောသူမလေး တစ်ယောက်အဖြစ် ဝင်စားရလိမ့်မယ်"
"နေပါဦး..နေပါဦး.."
သင်က ထိတ်လန့်တကြားနဲ့မေးတယ်။ "ခင်ဗျားက ကျွန်တော့ကို အချိန်နောက်ပြန်ကြီး ပို့မလို့လား"
" အင်း အချိန်ဆိုတာကလည်း
မင်းတို့ရဲ့လောက မင်းတို့ရဲ့ စကြဝဠာမှာပဲ တည်ရှိတာ။ ငါလာခဲ့တဲ့နေရာကနဲ့ဆို တစ်ခြားစီပဲ
"
"ခင်ဗျားက ဘယ်နေရာကနေ
လာတာလဲ"
"ငါလား… တစ်နေရာရာကလာတာ။
တစ်နေရာရာကပေါ့ကွာ။ အဲ့မှာဆို ငါ့လို တစ်ခြားတွေလဲရှိတယ်။ အဲ့နေရာက ဘယ်လိုပုံစံလဲဆိုတာ
မင်းသိချင်နေမယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် မင်းနားလည်မှာ
မဟုတ်ဘူး "
"အော်…" သင်ကစိတ်ဓါတ်ကျသွားသလိုနဲ့
ရေရွတ်တယ်။ "နေဦးနေဦး.. ခုလိုတစ်ခြားနေရာ၊ တစ်ခြားအချိန်တွေမှာ ဝင်စားနေရရင်
တစ်နေရာတစ်ချိန်ချိန်မှာ ကိုယ်ဖာသာကိုယ် ပြန်ဆုံနေကြမှာပေါ့"
"သေချာတာပေါ့.. တစ်ချိန်လုံးက
အဲ့လိုပဲဖြစ်နေတာပဲလေ။ ဆုံကြရင်တောင် နှစ်ယောက်လုံးက ကိုယ့်ဘဝကာလ အတွင်းမှာပဲ ကိုယ်နေထိုင်ကြတာမို့
တစ်ကယ်တမ်း ဘာတွေဖြစ်နေတယ်ဆိုတာ သတိပြုမိကြမှာ မဟုတ်ဘူး"
"ဒါဆို ဘာလို့ အဲ့တာကို
လုပ်နေသေးတာလဲ"
"ဘယ်လို… ဘယ်လိုမေးတာ…
မင်းကဘဝရဲ့အဓိပ္ပါယ်ကို မေးနေတာလား..။ နည်းနည်းတော့ သမားရိုးကျ ဆန်လွန်းမနေဘူးလား"
"ဒါ ..သဘာဝကျတဲ့မေးခွန်းပဲလေ"
သင်က အလျှော့မပေးဘဲ ထပ်ပြောသည်။
ကျွန်ပ်က သင့်ရဲ့မျက်လုံးတွေထဲ
စိုက်ကြည့်လိုက်ရင်း….
" ဘဝရဲ့အဓိပ္ပါယ်…. ဒီစကြဝဠာတစ်ခုလုံးကို
ငါဖန်ဆင်းခဲ့ရတဲ့ ရည်ရွယ်ချက်က မင်းတည်ငြိမ်ရင့်ကျက်လာစေဖို့ပဲ"
"ခင်ဗျားပြောချင်တာက
လူသားတွေပေါ့….ကျွန်တော်တို့တွေကို ရင့်ကျက်လာစေချင်တယ်ပေါ့"
"လူသားတွေမဟုတ်ဘူး..
မင်းပဲ..။ မင်းအတွက်ပဲ ဒီစကြဝဠာကို ဖန်ဆင်းပေးခဲ့တာ။ ဘဝသစ်တစ်ခုရရှိပြီး ကြီးထွားရှင်သန်လာပြီးတိုင်း
ပိုပြီးရင့်ကျက်လာတယ်။ ပိုပြီးအသိဉာဏ်ကြွယ်ဝ ရင့်သန်လာတယ်"
"ကျွန်တော့်အတွက်ပဲလား…
ကျန်တဲ့သူတွေကရော"
"ကျန်တဲ့သူတွေဆိုတာမရှိဘူး..။
ဒီစကြဝဠာမှာ မင်းရယ် ငါရယ် နှစ်ယောက်တည်းပဲ…"
သင်က ကျွန်ပ်ကိုဟာတာတာနဲ့
ကြည့်တယ်။ " ဒါဆို ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံးက….."
"အားလုံးက .. မင်းပဲ..
။ တစ်လဲစီပြန်ပြန်ဝင်စားနေတဲ့ မင်းကိုယ်တိုင်ပဲ"
"နေဦး.. ဒါဆိုလူအားလုံးက
ကျွန်တော်ပဲပေါ့"
"အခုမင်းနားလည်သွားပြီပဲ"
ကျွန်ပ်ကပြောရင်း ဂုတ်ယူသည့်သဘောဖြင့် သင့်ရဲ့နောက်ကျောကို လက်နဲ့ ပုတ်လိုက်တယ်။
" ရှင်သန်ခဲ့ဖူးသမျှ
လူသားဘဝတွေအားလုံးက ငါပဲလား…" သင်က သင်ဖာသာသင် ရေရွတ်နေတယ်။
"ဟုတ်တယ်..နောက်ထပ်ရှင်သန်ကြမယ့်
လူသားတွေရဲ့ဘဝတွေရောပေါ့.." ကျွန်ပ်က ကြားထဲက ဝင်ပြောလိုက်တယ်။
"ငါက အီဗရာဟင် လင်ကွန်းလား…..
ငါက ဟစ်တလာရောပါ့…."
"ဒါတင်မက… သူသတ်ခဲ့တဲ့
သန်းပေါင်းများစွာသော အသတ်တွေကလည်း မင်းပဲ"
"ကျွန်တော်က တရားတွေကို
ဖြန့်ဝေခဲ့တဲ့သူပေါ့"
"တရားတွေကို လိုက်နာဆည်းကပ်ခဲ့ကြတဲ့
နောက်လိုက်တွေလည်း ဖြစ်ခဲ့ကြတာပေါ့"
သင်တိတ်ဆိတ်ငြိမ်သက်သွားတယ်။
"တစ်ယောက်ယောက်ကို ငါကဒုက္ခရောက်အောင်
လုပ်လိုက်မိတဲ့အခါတိုင်း…….."
"မင်းဟာ မင်းကိုယ်မင်းဒုက္ခရောက်အောင်
လုပ်မိသလို ဖြစ်သွားတယ်။ မင်းလူတွေကို အကြင်နာတရားထားပြီး ကူညီပေးခဲ့ပေးခဲ့တဲ့အခါတိုင်းကလည်း
မင်းကိုမင်း ကူညီလိုက်တာပါပဲ..။
လူသားတိုင်းတွေ့ကြုံခံစားခဲ့ရတဲ့..၊ တွေ့ကြုံခံစားလာရမယ့်
အရာတိုင်းဟာ မင်းကြောင့်ပဲ ဖြစ်လာတာ"
သင်က အချိန်အတော်ကြာအောင်
စဉ်းစားသွားတယ်။
"ဘာလို့လဲ…. ဘာလို့ဒါတွေကိုလုပ်တာလဲ"
"ဘာလို့လဲဆိုတော့ တစ်နေ့ကျရင်
မင်းက ငါ့လိုဖြစ်လာလိမ့်မယ်။ ဒါမင်းပဲ…။ မင်းက ငါ့လိုပဲ.. ငါ့ရဲ့ ကလေးပဲ"
"ဝိုးးး……. ခင်ဗျားဆိုလိုချင်တာ
ကျွန်တော်က တန်ခိုးရှင်ပေါ့.."
" မဟုတ်ဘူး..။ မဖြစ်သေးဘူး။
မင်းက အခုမှ အဖူးအငုံလေးပဲရှိသေးတယ်။ လူသားအားလုံးရဲ့ ဘဝတွေမှာ နေထိုင်ပြီးတဲ့နောက်မှာတော့
မင်းဟာ မွေးဖွားခံရမယ့် အရွယ်ရောက်ပါပြီ"
"ဒါဆို .. စကြဝဠာတစ်ခုလုံးဆိုတာကရော……
ဘယ်လိုတည်ဆောက်ထားတာလဲ"
"စကြဝဠာဆိုတာ ကြက်ဥလေးတစ်လုံးပါပဲ….
ကဲ.. အချိန်မရှိတော့ဘူး နောက်ဘဝကူးကြဦးစို့…"
ကျွန်ပ်က သင်သွားရမယ့် နေရာကို
ပို့ဆောင်ပေးလိုက်ပါတယ်။
နိဂုံးချုပ်
စာဖတ်သူတွေအနေနဲ့ ယခုအချိန်မှာ
စိတ်တွေ ပျံ့လွင့်နေပြီး အတွေးတွေ လွင့်ပျံပေါက်ကွဲနေတဲ့ ခံစားချက်ကို ခံစားနေရမှာပါ။
သင်ဟာ ကြီးကျယ်မြင့်မြတ်တဲ့နေရာကနေ ဆင်းသက်လာတဲ့သူလိုလဲ ခံစားနေရမယ်။ မှန်သာအနားမှာ
ရှိရင် ကိုယ့်မျက်နှာကိုယ်တောင် မှန်ထဲမှာ ကြည့်မိနေလောက်ပြီ။
ပြီးတော့ တစ်စုံတစ်ယောက်ကို
တွေ့မိတိုင်း သင့်စိတ်ထဲမှာ မတွေးမိပဲ မနေနိုင်အောင် ဖြစ်မိပါလိမ့်မယ်။
ကိုယ့်ကိုကိုယ် မေးခွန်းတွေလဲ
မေးနေမယ်။ "ငါက ငါ့အစ်ကိုပဲလား၊ ငါက ငါ့ကလေးလား၊ ငါ့မိန်းမလား၊ သူငယ်ချင်းတွေကရော
ငါပဲလား.." သူတို့တွေနဲ့ စကားပြောမိတိုင်းလည်း ဒါကိုစိတ်ထဲမှာတွေးမိနေမယ်။
ပိုပိုပြီး မေးခွန်းတွေ ထုတ်မိနေမှာက
"ဒီလန်းတဲ့ waiter မလေးက ငါများလား၊ လီယိုနာဒိုက ငါများလား၊ ဂန္ဒီရော ငါလား..၊
နိုင်ငံရေးသမားတွေ၊ စစ်ပွဲမှာ သေဆုံးခဲ့ရတဲ့ စစ်သားတွေက တစ်ကယ်ပဲ ငါပဲလား" ဆိုပြီးတော့ပေါ့..။
ပြဿနာတော့မရှိပါဘူး..။
လူတိုင်းမှာ ဒီလိုမေးခွန်းတွေရှိနေမယ်။
လူတိုင်းက ဒီလိုအတွေးတွေနဲ့ လူအများကို တစ်ယောက်တည်းအဖြစ် ကြည့်နေမိမယ်ဆိုရင် ဒီဟာက
ပုံပြင်တစ်ပုဒ်ဖြစ်နေပြီး ဒီပုံပြင်ကို ယုံကြည်နေကြတာဆိုရင်ရော ဘာအရေးလဲ။ ဒီပုံပြင်က
ကမ္ဘာကြီးကို ပိုကောင်းတဲ့နေရာတစ်ခု ဖြစ်စေဖို့ လုပ်ဆောင်တဲ့ အရာတစ်ခုဖြစ်နေလိမ့်မယ်။
အထက်မှာ ရေးခဲ့သမျှအကြောင်းအရာတွေဟာ
တစ်ခုမှ အမှန်မဟုတ်ပါဘူး..။
သင့်ကိုသင် ကြီးကျယ်မြင့်မြတ်သူတစ်ယောက်အဖြစ်၊
ကိုယ်ချင်းစာတရားရှိလာမယ့်သူအဖြစ် တွေးထင် စေမယ့် ပုံပြင်လေး တစ်ပုဒ်သာ ဖြစ်ပါတယ်။
#လင်းသစ်နွေ
(Andy Weir ၏ The Egg ဝတ္ထုအား
သင့်လျော်အောင် ပြန်ဆိုရေးသားပါသည်)