Wednesday 26 April 2017

အိပ်မက်ဆိုးနှင့်မိုးကောင်းကင်


ပတ်ဝန်းကျင်က မီးခိုးများဖြင့်မှုန်မှိုင်းနေသည်။

ရှေ့တစ်လံအကွာသို့ မြင်ရဖို့နေနေသာသာ မီးခိုးနှင့် ပြာမှုန်များက မျက်လုံးဖွင့်တိုင်း အလုအယက် တိုးဝင်လာနေကြသည်။ 
တကူးတက ငိုနေစရာမလိုဘဲ မျက်ရည်တို့ကလည်း ဖြိုင်ဖြိုင်ကျသည်။
မျက်နှာအနှံ့တွင် ပြာများ၊ မျက်ရည်များ၊ ဖုန်မှုန့်များဖြင့် ပေလူးနေသဖြင့် မဲညစ်စုတ်ပြတ်နေသည်။
ကျဉ်းကျဉ်းကြပ်ကြပ် တွင်းကလေးအတွင်းတွင် ခေါင်းကိုငုံထားရင်း လက်ထဲက အေးစက်စက် သတ္တုပစ္စည်းကို မီးခိုးတွေကြားမှာ မြင်ရသည်။

နတ်ဆိုးတစ်ကောင်…။ ဟုတ်သည်..။ သည်အရာသည် နတ်ဆိုးတစ်ကောင်သာဖြစ်သည်။ လူတွေ၏ ကောင်းကျိုးအတွက် မဟုတ်ဘဲ အသက်ဇီဝိန်ကို နုတ်ယူပစ်ရန် ပေါက်ဖွားလာသောအရာ။ သည်အရာကို လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရသည်။ သည်အရာနှင့် သူ့အသက်ကို သူ ကာကွယ်ရမည်။ သည်အရာနှင့်ပဲ တပါးသူ၏ အသက်တို့ကို ချွေရမည်။

" ဝုန်း "

ဗုန်းသီးတစ်လုံးက သူဝပ်နေသည့်အနားမှာပင် ကပ်၍ကျသည်။ နားနှစ်ဖက်စလုံးကို လက်ဖြင့်ပိတ်ကာ အသံကုန်အော်မိသည်။ နားစည်တစ်ခုလုံး ပေါက်ကွဲသံတို့ ပဲ့တင်ထပ်လျက် ကိုယ့်အော်သံကိုပင် ကိုယ်ပြန်မကြားရတော့..။ ဗုံးသီးမှန်သည့် မြေစိုင်မြေခဲနှင့် သဲများက သူကိုယ်ပေါ် မိုးရွာသလို တဖွဲဖွဲကျနေသည်။

သွေးရူးသွေးတန်းနှင့် အိတ်ကပ်ထဲနှိုက်ကြည့်သည်။ ကျဉ်ဆံတို့က မရှိတော့ပြီ။
ပတ်တီးတစ်လိပ်၊ လက်ပစ်ဗုံးသီးတစ်လုံး၊ ကလေးငယ်ချီထားသော အမျိုးသမီးတစ်ဦးဘေးတွင် လူရွယ်တစ်ဦးရပ်လျက် အဖြူအမဲ ဓါတ်ပုံတစ်ပုံ..။

ဓါတ်ပုံနှင့်ပတ်တီးလိပ်ကို အိပ်ကပ်ထဲပြန်ထည့်၊ လက်ပစ်ဗုံးသီးကိုခါးတွင် ချိတ်လိုက်ပြီး အားယူ၍ မတ်တပ်ထကြည့်သည်။ ခြေကျင်းဝတ်မှ နာကျင်မှုနှင့် အတူ ဖင်ထိုင်ရက် ပြန်ကျသည်။
ဒီကျွင်းထဲကို ပြုတ်ကျတုန်းက ခြေကျင်းဝတ်လည်သွားခြင်း ဖြစ်မည်။
ကျန်ခြေထောက်တစ်ဖတ်ကို အားပြုပြီး တရွတ်တိုက်ဆွဲရင်း ကျင်းတစ်ဖက် အဆုံးထိဖြည်းဖြည်းချင်း တွားသွားသည်။ ကျင်းတစ်ဖက်ဆုံးမှာတော့ စစ်ကူတွေ ရှိလောက်သည်။

ကျင်းအဆုံးကို ရောက်တော့ အမောမပြေသည့် အပြင် အမောပင် ဆို့သွားရသည်။ ဆက်သွယ်ရေး ကိရိယာကို လွယ်ထားသည့် အလောင်းတစ်လောင်း။ ၎င်း၌ ဦးခေါင်းမရှိတော့။ ဆက်သွယ်ရေး ကိရိယာကို အသုံးပြုလို့ ရလိုရငြား အနားကို ချဉ်းကပ်သွားသည်။

ရေဒီယိုမှာလည်း တဂျီဂျီ မြည်သံမှလွဲ၍ ဘာမှ သုံး၍ မရတော့ ခြေပစ်လက်ပစ် ပြန်ထိုင်နေမိသည်။ လက်နက်ကြီးလက်နက်ငယ် ပစ်သံများ၊ အော်သံများက မိုးထိညံနေဆဲဖြစ်သည်။ သူလည်းဒီအလောင်းအနားတွင်ပဲ သေဆုံးရတော့မည်လော။ သေဆုံးနေသူ၏ အိတ်ကပ်များအတွင်း၌ ကျည်ဆန်တွေ့လိုတွေ့ညား လိုက်ရှာကြည့်ရာ စက္ကူတစ်ထုပ်ထွက်လာသည်။

ဖြည်ကြည့်လိုက်တော့ စီးကရက် ၂ လိပ်၊ ဇစ်ပိုမီးခြစ်တစ်လုံးနှင့် စာတစ်စောင်။

သူ စီးကရက်ကို မီးညှိရင်း အားရပါးရရှိုက်လိုက်သည်။ အိတ်ကပ်ထဲက ဓါတ်ပုံကို ထုတ်ယူကြည့်သည်။ ဓါတ်ပုံထဲက အမျိုးသမီးက သူ့ကို ပြုံးပြနေသည်။ သူလည်း ပြန်ပြုံးပြမိသည် ထင်သည်။ ကလေးငယ်၏ အပြစ်ကင်းစင်သော မျက်နှာကလေးက ဖိုးလမင်းပမာ ဝိုင်းစက်၍ ချစ်စရာကောင်းလှသည်။ အခုတော့ ၎င်းတို့မှာ သူနှင့် မဆိုင်တော့ပြီ။ မကြာမီ အချိန်အတွင်းမှာ သူမရှိတော့ပြီ။ သူက ဒီလောကကြီးကို အပြီးတိုင် နှုတ်ဆက် ထွက်ခွာရတော့မည်။ ယခုလား..၊ ခဏကြာရင်လား။ သူဘာကိုစောင့်ဆိုင်းနေတာလဲ။သေခြင်းတရားလာခေါ်မည့်အချိန်လား။
မယုံမရှိပါနဲ့..။ သေရမှာကို ထိုင်စောင့်နေရတာက သေရတာထက် ပိုပြီးခံစားရခက်ပါတယ်။

စက္ကူထုပ်ထဲတွင်ပါသော စာကိုဖွင့်ဖေါက်ကြည့်သည်။ လိပ်စာတစ်ခုက လွဲ၍ ဘာမှ အပိုရေးမထား။ သူ့အနေဖြင့် ထိုသေဆုံးသွားသူအတွက် ဘာမျှ တကူးတက ဆောင်ရွက်ပေးရန်မရှိပေ။

စီးကရက် နောက်ဆုံးလက်ကျန်ကို ရှိုက်လိုက်သည်။ စောင့်ဆိုင်းနေမှုတစ်ခုကို အဆုံးသတ်ရန်အတွက် လက်ပစ်ဗုံးသီးကို ခါးမှဖြုတ်ယူလိုက်သည်။ ၎င်းထိပ်တွင် တပ်ထားသော စနက်တံမှာ သူ့အားတစ်ခြားကမ္ဘာသို့ ဆောင်ကျဉ်းပေးမည့် လက်မှတ်ပင်ဖြစ်သည်။
အသက်ကို ဝအောင်ရှုပြီး စနက်တံကို ဆွဲဖြုတ်အံ့ဆဲဆဲတွင် ထူးခြားစွာကြားလိုက်ရသော အသံကြောင့် သူ ခေတ္တမင်သက်သွားရသည်။ သူမြင်ရသည်က မိုးပေါ်တွင် ဖြတ်သန်းသွားကြသော မဟာမိတ်လေယာဉ်များ။ သူပျော်သွားသည်။ စစ်ကူတွေလာပြီ၊ မဟာမိတ်တပ်တွေ ရောက်လာပြီ။ ဒါဆို သူ့အတွက် မျှော်လင့်ချက်ရှိသည်။ သူအသက်ရှင်ကောင်း ရှင်နိုင်သည်။

လက်ပစ်ဗုံးကို ခါးတွင် ပြန်ချိတ်လိုက်သည်။ ကျင်း၏ ကျန်တစ်ဖက်စွန်းမှာရော သူ့လူတွေ ကျန်ဦးမလား။ ကျန်ကောင်းကျန်နိုင်သည်။ မကျန်သေးလျင်လည်း မဟာမိတ်တို့ဘက်မှ ပစ်ကူများ ရောက်လျှင်ရောက်နေမည်။

ဒီမျှော်လင့်ချက်သည်သာလျှင်သူ အသက်ရှင်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ တစ်ဖက် အစွန်းနားသို့ နီးလာသော် လူနှစ်ဦး စကားပြောနေသံကြားသည်။ အကွယ်မှ အသာတိုးလာနေရင်း ချောင်းကြည့်လိုက်ရာ သူအလွန်ဝမ်းသာသွားရသည်။ အမြင်ရင်းနှီးသော်လည်း သေချာတော့မသိ။ ယခုတိုက်ပွဲမှာ တပ်ခွဲနှစ်ခုမှ ပူးပေါင်း၍ ဆောင်ရွက်သော စစ်ဆင်ရေး ဖြစ်ပြီး အဆိုပါ နှစ်ဦးမှာ အခြားတပ်ခွဲမှ ကျန်ရစ်သူများ ဖြစ်သည်။

သူကို မြင်တော့ ကျန်နှစ်ဦးကလည်း ဝမ်းသာအားရ တွဲထူကြသည်။

"အသက်ရှင်တဲ့သူမရှိတော့ဘူး ထင်နေတာ"

"ဒီဘက်တပ်ခွဲဘက်မှာလဲ တို့ နှစ်ယောက်ပဲကျန်တာ"

ထိုသူနှစ်ဦးမှာလဲ မျက်နှာသိပ်တော့ မကောင်းကြ။ တစ်ဦးမှာ အသားညိုညို အရပ်ပုပု ဖြစ်ပြီး၊ ကျန်တစ်ဦးမှာ ပိန်ပိန်ပါးပါး ဖြူဖပ်ဖြူရော်ဖြင့် အားအင်ချိနဲ့ဟန်ရှိသည်။

"ကျွန်တော့်မှာက ကျည်ဆံမရှိတော့ဘူး၊ အခုဘာဆက်လုပ်ကြမလဲ"

"ငါတို့မှာလဲ မရှိတော့ဘူး၊ ဒီနေရာကနေထွက်ဖို့ကြည့်နေတာ.. ဟိုးမှာတွေ့လား ၊ အဲ့ဒီအပင်တန်းတွေ အလွန်ကိုရောက်ရင်တော့ ငါတို့လွတ်ပြီ"
"စစ်ကူတွေ ရောက်လာပြီပဲ…သူတို့ဖက်က ထိုးစစ်အားကျနေပြီ .. ဒါကိုအခွင့်ကောင်းယူပြီး ပြန်ဆုတ်ကြတာပေါ့"

သုံးယောက်စလုံး တစ်ဦးကိုတစ်ဦးကြည့်ရင်း ခေါင်းငြိမ့်လိုက်ကြသည်။

ပိန်ပိန်ပါးပါးနှင့်လူကပြောသည်။ "ငါအရင်သွားမယ်၊ မင်းက ခြေထောက်နာနေတဲ့ သူကို တွဲရင်း လိုက်ခဲ့.. ကျည်မှန်လို့ပဲ ဖြစ်စေ၊မိုင်းနင်းမိလို့ပဲ ဖြစ်စေ ငါကျန်ခဲ့ရင် ငါ့ကိုထားခဲ့တော့ ဒါအမိန့်ပဲ"
သုံးယောက်စလုံးအနက် ထိုသူမှာ တပ်ကြပ်ကြီးအဆင့်ရှိသူ ဖြစ်သဖြင့် သူ့အမိန့်ကို မလွန်ဆန်ရဲဘဲ သဘောတူလိုက်ကြသည်။

တပ်ကြပ်ကြီးက ရှေ့ကသွားသည်။သူတို့က နောက်ကလိုက်သည်။ တစ်ချက်တစ်ချက် ကျရောက်ပေါက်ကွဲသည့် အမြောက်ဆံများသည် သူတိုနှင့် နီးကပ်လွန်းလှသည်။ တည့်တည့်သာ ကျလျင်ဖြင့် တစ်စစီဖြစ်ယုံသာရှိတော့သည်။ ခပ်ပုပုသမားမှာ သူ့ကို တွဲနေရသဖြင့် သိပ်ခရီးမတွင်လှ။ ပြေးသည်။ လဲကျသည်။ ပြန်ထပြေးသည်။ ဘယ်နှကြိမ်လဲကျမှန်းမသိတော့။ ပါးစပ်မှ "ရဲသော်မသေ၊ သေသော်ငရဲမလား" သီချင်းကို ပြိုင်တူအော်ဆိုရင်း ပြေးကြသည်။

ကံကောင်းထောက်မသည်ဟု ဆိုရလေမလား။ သေကံမရောက်၍ အသက်မပျောက်ခဲ့ရသည်ဟုပဲဆိုရပေမလား။ သစ်ပင်တန်းတွေကျော်၍ ၃ ဦးစလုံး အသက်ရှင်လျက်ရောက်ရှိခဲ့ကြပါသည်။ ခြေပစ်လက်ပစ် ထိုင်နားရင်း ရယ်မိကြသည်။ သူတို့ မသေတော့ပါ။ လောကကြီးက သူတို့ကို ဆက်လက်ရှင်သန်ခွင့်ပေးလိုက်လေပြီ။ သေမင်း၏ နှုတ်ခမ်းဝ တွင် စင်္ကြန်လျောက်လျက် ပြန်လာခဲ့ကြသူများဟု ခေါ်ရလေမလား။

ကြာကြာလဲ မနားရဲ။ ရန်သူတွေ ပြန်မိသွားလျှင် ကြိုးပမ်းခဲ့သမျှက ခဲလေသမျှ သဲရေကျ သွားမည် ဖြစ်သည်။ ပုန်းရှိုးကွယ်ရှိုးနှင့် တရွေ့ရွေ့ခရီးဆက်လာခဲ့ကြသည်။ တောတန်းအလွန်အရောက်တွင် ကျန်နှစ်ဦးမှ နှုတ်ဆက်စကားဆိုသည်။ ၎င်းတို့မှာ ပြန်စရာနေရပ်လည်း မရှိတော့ပြီ ဖြစ်သောကြောင့် အောက်ပြည်အောက်ရွာသို့ ရေကြည်ရာမြက်နုရာ ခရီးဆက်ကြမည် ဖြစ်သည်။

"ကံမကုန်ရင်တော့ ပြန် ဆုံကြတာပေါ့"
တစ်ယောက်ကို တစ်ယောက်ပွေ့ဖက် နှုတ်ဆက်ရင်း မျက်ရည်ဝဲမိကြသည်။ တစ်ခဏတာ ဆုံခဲ့သော ခံစားမှုထက် ပိုမိုရင်းနှီးသော၊ ညီအကိုအရင်းထက်ပိုသော ခင်မင်မှုတို့ကြောင့် အံ့အားသင့်မိရသည်။
အပြန်တွင် သူ၏ခြေလှမ်းတွေက တတ်ကြွနေကြသည်။ ပျော်ရွှင်မှုကြောင့် နာကျင်မှုကိုပင် မေ့လျော့နေသည်။ အိမ်ပြန်ရမယ်။ သူ့မိန်းမနဲ့ သူကလေးက သူ့ကို စောင့်နေကြမှာ သေချာသည်။ အရင်လို စကားတွေအများကြီး ပြောကြမည်။ ညစာပူပူနွေးနွေးကို အတူတကွ စားကြမည်။ စိတ်ကူးနှင့် တွေးရင်း ကြည်နူးသွားသည်။ သူ့အိမ်က မလှမ်းမကမ်းက တောင်ကုန်းကလေးပေါ်မှာ လှမ်းမြင်နေရပြီ။

အိမ်မှာ ခါတိုင်းကထက် တိတ်ဆိတ်နေသည်။ ယခင်ကဆို သည်လိုအချိန် အမေလုပ်သူမှာ အိမ်ရှေ့ကွပ်ပြစ်တွင် ဆန်ကွဲရွေးလျှင်ရွေး၊ အိမ်ရှေ့ရေကပြင်တွင် အဝတ်တွေလျှော်လျှင် လျှော်နေတတ်သည်။ သားဖြစ်သူမှာ မိခင်အနီးတွင် ပြေးလွှားဆော့ကစားနေကျဖြစ်သည်။ ယခုမူ အိမ်မှာ တိတ်ဆိတ်ခြောက်သွေ့လို့နေသည်။

အိမ်တံခါးကိုတွန်းဖွင့်လိုက်တော့ ပျံ့ကျဲနေသော ပစ္စည်းများနှင့် နေရာအနှံ့တွယ်ငြိနေသာ ပင့်ကူမျှင်များ..။ သူ့၏ချစ်လှစွာသော အမျိုးသမီးရော.. ကလေးငယ်ပါ မရှိတော့ပြီ။ ဆိတ်သုန်းနေသော နေရာတစ်ခုအဖြစ် အချိန်ကာလအတန်ကြာ ဖြတ်သန်းခဲ့ဟန်တူပြီး အချို့နေရာများတွင် ပေါက်ပြဲနေသော အိမ်ခေါင်တို့မှ နေပြောက်များက ဟိုတစ်ကွက် ဒီတစ်ကွက်..။ သူအိမ်ရှေ့ကွက်လပ် ထဲသို့ စိတ်ပျက်လက်ပျက် ပြန်လျှောက်လာသည်။

ခြံတွင် ကပ်ထားသော အိမ်နံပါတ်ကို အကြောင်းမဲ့ ငေးကြည့်နေရင်း တစ်နေရာတွင် တွေ့ဖူးသလို ခံစားနေရသည်။ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အိပ်ထဲမှ စာအိတ်ကို နှိုက်ယူပြီး ကပြာကယာ ကြည့်သည်။ ဟုတ်သည်။ ရေးထားသည့် လိပ်စာက ဒီလိပ်စာ စစ်စစ်။ ဒီအိမ်သည့် သူနေသည့်အိမ်ဖြစ်သည်။ သို့သော် အဘယ်ကြောင့် အဆိုပါ စစ်သား၏ အိတ်ကပ်ထဲ ရောက်နေရသနည်း။ အဆိုပါ စစ်သားက မည်သူနည်း။

"ငါ..ငါ သေခဲ့ပြီလား၊ လိပ်စာ ထည့်ထားတဲ့ သေနေတဲ့ စစ်သားက ငါလား" စဉ်းစားရင်း ခေါင်းထဲတွင် တဆစ်ဆစ်ကိုက်ခဲလာသည်။
"ဒါဆိုရင် အတူထွက်ပြေးလာတဲ့နှစ်ယောက်ကရော သေခဲ့ပြီးသားလား"
သူ့မျက်လုံးထဲတွင် စစ်ဆင်ရေးအစမှ မြင်ကွင်းများ ပြန်လည် မြင်ယောင်လာသည်။ ထိုသူနှစ်ဦးမှာ ၎င်း၏ အရှေ့တွင် လက်နက်ကြီး ထိမှန်၍ အသီးသီးကျဆုံး သွားကြသည့် မြင်ကွင်းများ…။
သူခေါင်းကို သွက်သွက်ခါအောင် ရမ်းလိုက်ရင်း အော်ဟစ်မိသည်။ မျက်ဝန်းတွင် မျက်ရည်တွေ ကျနေမည် ထင်သည်။ လွတ်မြောက်အောင် ကြိုးစားခဲ့ရတာတွေက နောက်ဆုံးတော့ အချည်းနှီးဖြစ်ခဲ့ပြီ။ သူ့မိန်းမနှင့် ကလေးကိုလည်း သူ့အနေဖြင့် မြင်နိုင်စွမ်း မရှိတော့ပါ။ ဘဝတို့က ခြားနားခဲ့လေပြီ..။
အော်ဟစ်နေရင်း အဆုံးအစွန်သော ဦးခေါင်းကိုက်ခဲမှုမှ တစ်ဆင့် အမြင်အာရုံများ အမှောင်အတိ ဖုံးလွှမ်းသွားတော့သည်။
သူနောက်ဆုံးမြင်လိုက်ရသည်က လူသဏ္ဍာန်အရိပ် ၅ ခုမှ လာရောက်ချုပ်နှောင် သယ်ဆောင်သွားခြင်းပင် ဖြစ်သည်။

……………………….

လျှောက်လမ်းကြီး တစ်ဖက်တစ်ချပ်ဆီတွင် အချုပ်ခန်းနှင့် အလားတူသော အခန်းငယ်လေးများ အများအပြားကို မြင်နိုင်သည်။ အဆောက်အဦကြီး၏ အမိုးမှာ အလွန်မြင့်သည်။ တစ်ချက်တစ်ချက် နှိပ်စက်ခံရ၍ အော်ဟစ်နေကြသည့် အသံများကို ကြားရသည်။ သူသတိပြန်လည်လာပြီး ပတ်ဝန်းကျင်ကို စေ့ငုနေသည်။ အခန်းလေးထဲမှာ သူတစ်ယောက်တည်း ဖြစ်သည်။ လွတ်မြောက်ဖို့ ကြိုးစားသော်လည်း တံခါးတွင်ခတ်ထားသော သံကြိုးများက ခိုင်ခံ့လွန်းလှသည်။

သူဘယ်ရောက်နေတာလဲ ငရဲလား။ ဘယ်နေရာလဲ။ သူရှင်နေသေးလား။ တွေးနေတုန်းမှာပဲ ဘေးအခန်းမှ အသံကြားသဖြင့် အနားနားတိုးကြည့်ရာ အတူထွက်ပြေးခဲ့သော သူနှစ်ဦး ဖြစ်နေသည်ကို တွေ့ရသည်။

"ဟာ.. ခင် ခင်ဗျားတို့ပါလား.. ခင်ဗျားတို့လဲ ဒီမှာ ရှိနေတယ်နော်. ကျွန်တော်တို့ အခု ဘယ်ရောက်နေတာလဲ .. ငရဲပြည်လား"
"မင်းဘာတွေလျှောက်ပြောနေတာလဲ .. ရူးနေလား ဒါရန်သူ့အကျဉ်းစခန်းကွ… ငါတို့နှစ်ယောက်ယောက် မင်းနဲ့ လမ်းခွဲပြီး မကြာခင်မှာ ဖမ်းခံရတာ..စိတ်ညစ်ပါတယ်ကွာ"
သူကြောင်တောင်တောင် ဖြစ်သွားသည်။ ဘေးပတ်ဝန်းကျင်ကို ပြန်ကြည့်သည်။ ဟုတ်သည်။ အကျဉ်းစခန်းပင် ဖြစ်သည်။
သူစောစော သတိမပြုမိသည်မှာ သူ့ကိုယ်သူ သေခဲ့ပြီဟု ထင်နေ၍ပင် ..။
"အင်း… ကျွန်တော်လဲ ကြောက်အားလန့်အားနဲ့ တွေးချင်ရာတွေးမိလိုက်တာ နေမှာဗျ"
သူလည်း အခုမှ စိတ်သက်သာရသွားသည်။ သူမသေသေးဘူးပဲကိုး..။
"ဒါဆိုလည်း ဒီအတိုင်း ထိုင်နေမယ့်အစား ကျွန်တော်တို့ လွတ်ရာလွတ်ကြောင်း ကြိုးစားကြတာပေါ့..အနှိပ်စက်ခံပြီးသေရမယ့်အစား .. လွတ်အောင်ကြိုးစားရင်းသေတာပိုမကောင်းဘူးလား"
ကျန်နှစ်ဦးမှာလည်း သူပြောသည့် စကားကို လက်ခံသည့်ဟန်ဖြင့် တစ်ဦးကို တစ်ဦးကြည့်ရင်း ခေါင်းငြိမ့်လိုက်ကြသည်။

………………………………

"ထွက်ပြေးသွားတဲ့သူတွေကို ပြန်မိပါပြီဆရာ"
အသံကြားတော့ ဆရာဝန်ကြီး ဦးမင်းနောင် မျက်မှန်ပင့်၍ ကြည့်သည်။
"သုံးယောက်စလုံးလား လူနာတွေ ဘယ်နားထိခိုက်မိသေးလဲ"
"သုံးယောက်စလုံးပါ ဆရာ..ကိုသူရ ရဲ့ ခြေကျင်းဝတ်ကတော့ ပြုတ်ကျထားလို့ အဆစ်လွဲပြီး ရောင်နေပါတယ်"
"'ဒါ့ကြောင့် မို့လို့ မင်းတို့ကို ဆေးပုံမှန် တိုက်ဖို့နဲ့ သေချာစောင့် ကြည့်ဖို့ အမြဲတမ်းမှာနေတာပဲ.."
"ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး အမြဲ စောင့်ကြည့်နေတာပါဆရာ.. လုံခြုံရေးတွေ သူနာပြုတွေကိုလဲ တိုးပြီး ဂျူတီချထားပါတယ်..ဒါပေမယ့် သူတို့ သုံးယောက်က မရ ရတဲ့နည်းနဲ့ကို ထွက်ပြေးနေကြတာပါ ဆရာ"

" အင်း..ဒါကလည်း ဟုတ်ပါတယ်လေ "

"ဒါနဲ့ဆရာ… သူတို့ သုံးယောက်က ဘာလို့ ဒီလောက်ထိ ဂရုတစိုက်နဲ့ ပြုစုပေးနေတာတောင် ခဏခဏ ထွက်ပြေးနေတာလဲဟင်"

ဆရာဝန်ကြီးက ပြုံးသည်။

" အင်း…. မင်းက ဒီမှာ သိပ်မကြာသေးတဲ့ ဆရာဝန်အသစ်ဆိုတော့ ဒီအကြောင်းတွေ ဘယ်သိဦးမလဲ.၊ တိုတိုပြောရရင် သူတို့ ၃ ယောက်က အရင်တုန်းက ရှေ့ပြေးတပ်ခွဲ(xxx) ရဲ့ အားကိုး အားထားရတဲ့ ရဲဘော် ရဲဘက်တွေထဲမှာ ပါဝင်ပါတယ်..၊ သူတို့က တိုက်ပွဲတိုင်းကို ရွပ်ရွပ်ချွံချွံနဲ့ အောင်မြင်အောင် တိုက်နိုင်ခဲ့ကြတယ်..၊ ဒါပေမယ့် သူတို့ တပ်ခွဲရဲ့ ကံဆိုးတဲ့ နောက်ဆုံးတိုက်ပွဲလို့ ပဲပြောရမလားပဲ.. နယ်မြေလုံခြုံရေးကိုထိပါးလာတဲ့ သောင်းကျန်းသူတပ်ဖွဲ့ကို လိုက်လံရှင်းလင်းရင်း နယ်ကျွံသွားခဲ့ကြတယ်.. သူတို့ဟာ နောက်ပြန်မဆုတ်တော့ဘဲ ရောက်ရှိနေရာမှာ တပ်စွဲထားရင်း စစ်ကူကို စောင့်နေခဲ့ကြတာ.. စစ်ကူရောက်လာတဲ့အချိန်မှာတော့ သူတို့ရဲ့ တပ်ခွဲဟာ ရန်သူရဲ့ အလုံးအရင်းနဲ့ ချေမှုန်းခြင်းကို ခံလိုက်ကြရပြီ.."

ဆရာဝန်ကြီးက သက်ပြင်းချရင်း ဆက်ပြောသည်..

"အခု ဒီဆေးရုံမှာ ကုသမှုခံယူနေတဲ့ မောင်သူရတို့ ၃ ဦးကတော့ ရန်သူဖက်က အရှင်ဖမ်းမိပြီး ရက်စက် ကြမ်းကြုတ်တဲ့ နည်းလမ်းတွေနဲ့ နေ့နေ့ညည နှိပ်စက်တာခံခဲ့ကြရတဲ့သူတွေပေါ့.. နောက်တော့ တပ်ကူတွေက ရန်သူတွေကို ပြန်လည်နှိမ်နင်း နိုင်ခဲ့ပြီး သူတို့ ၃ ဦးစလုံးကိုလည်း ပြန်လည် ကယ်တင်နိုင်ခဲ့တယ်၊ ဒါပေမယ့် အခုမြင်ကြရသလိုပဲ.. သူတို့ရဲ့စိတ်ဒဏ်ရာတွေ၊ အနှိပ်စက်ခံရတာတွေကြောင့် ပုံမှန်အတိုင်း တွေးခေါ်နိုင်စွမ်း၊ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကတော့ ပျောက်ဆုံးနေကြပြီ"

သူလည်း ဆရာဝန်ကြီး အဖြေကြောင့် စိတ်မကောင်းဖြစ်သွားရသည်။ သြော်.. ဖြစ်မှဖြစ်ရလေဗျာ..။

"သူတို့က ပြန်ရော ကောင်းလာနိုင်ပါ့မလား ဆရာ"

"ပြန်ကောင်းရင်လည်း ကောင်းမယ်.. မကောင်းရင်လည်း တစ်သက်လုံး ဒီအတိုင်း ဖြစ်သွားမှာပဲ၊ ဦးနှောက်ဆိုတဲ့အရာက အရမ်းနူးညံ့ပါတယ်.. ထိခိုက်မိသွားရင် အကောင်းအတိုင်းပြန်ဖြစ်နိုင်ဖို့ဆိုတာက………. ဆေးပညာအနေနဲ့ လက်လှမ်းမမီနိုင်သေးတော့.. ခဲယဉ်းတယ်လို့ပဲ ဆိုကြပါစို့"

"ဆရာကြီး…. ဆရာကြီး"

အမောတကော ပြေးဝင်လာသော လုံခြုံရေး၏ အသံကြောင့် သူတို့နှစ်ဦးစလုံး လှည့်ကြည့်မိကြသည်။

" ဖမ်းမိထားတဲ့ လူနာ ၃ ဦး ပြန်လွတ်သွားပါတယ်… ထမင်းလာကျွေးတဲ့သူကို ရိုက်ပြီး ထွက်ပြေးသွားတာပါ"

သူဆရာ ဝန်ကြီးကို အလန့်တကြား ကြည့်မိသည်။

ဆရာဝန်ကြီးက အဓိပ္ပါယ်ပါသော အပြုံးကို ပြုံးလိုက်ရင်းး…..
"ကဲ.. ရဲဘော် ၃ ဦးကတော့ စစ်မြေပြင်ဆီ ပြန်သွားကြပြီ….ငါတို့ တပ်ကူတွေကလည်း နောက်ကနေ လိုက်ကြဦးစို့…"

ရွှင်လန်းချမ်းမြေ့ပါစေ။

#လင်းသစ်နွေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...