Tuesday 17 May 2016

မြနှင်းဆီ (အပိုင်း-၃) ဇာတ်သိမ်း


' ဟားဟားဟား'
ဦးစဝ်ခွန်နောင်မှာ မီးလျှံများကြားထဲတွင် ကြောက်လန့်တကြားရုန်းကန်နေသော ဥက္ကာကို ကြည့်ရင်း အားရပါးရ ရယ်မောနေသည်။ ဥက္ကာ၏ ခြေထောက်မှာ ထိုင်ခုံကိုစွဲလာသော မီးနှင့်အတူ စတင် လောင်မြိုက်နေပြီ ဖြစ်သည်။
ထိုစဉ်....
' ခွပ် '
'အာား'
အော်သံနှင့်အတူ ဦးစဝ်ခွန်နောင်လဲ ကျသွားသဖြင့် ကြည့်လိုက်ရာ ဗြတ္တ ဖြစ်နေသည်ကို တွေ့ရသည်။
' မင်းဒီကို လာတယ်လို့ စောဒေးဗစ်လာပြောလို့ စိတ်ပူပြီး လိုက်လာတာ ထင်တဲ့အတိုင်းပဲ'
' မြန်မြန် ကျွန်တော့ကို ဒီကြိုးတွေ ဖြေပေးပါဦး '
ဗြတ္တမှ အသင့်ယူလာသော ဓါးမြောင်ဖြင့် ကြိုးများ ဖြတ်ပေးလိုက်သည်။
' ကိုရင် ဗြတ္တ .. ဦးစဝ်ခွန်နောင်ကို အပြင်ခေါ်သွားတော့ ကျွန်တော်စာအုပ်ရှာရင်း လိုက်ခဲ့မယ် '
' ဘာစာအုပ်လဲ... မီးက အရမ်းများနေပြီနော် '
' စာအုပ်က ဦးစဝ်ခွန်နောင် ကျူးလွန်ထားသမျှ မှုခင်းတွေရဲ့ သက်သေပဲ.. သွားနှင့်တော့ ကိုရင် ဗြတ္တ အချိန်မရှိတော့ဘူး'
ဗြတ္တလည်း အချိန်မဆိုင်းတော့ပဲ ဦးစဝ်ခွန်နောင်ကို တွဲ၍ အပြင်သို့ ထွက်လာခဲ့သည်။ ခဏကြာသော် မီးလျှံများကြားမှ စာအုပ်တစ်အုပ်ကိုင်၍ ဥက္ကာအပြေးထွက်လာသည်။ အပြင်ရောက်သော် ဗြတ္တနှင့်အတူ စောဒေးဗစ်ပါ ပါလာသည်ကိုတွေ့ရသည်။
' ကျေးဇူးပါ ကိုစော... မဟုတ်ရင် ကျွန်တော် အသက်မရှင်လောက်တော့ဘူး '
' ရပါတယ်ကွာ... ငါလည်း စိတ်ပူလာပြီး ဘာလုပ်ရမှန်းမသိတာနဲ့ ဘုန်းကြီးကျောင်းကို ပြေးပြောတာ ကိုဗြတ္တနှင့် တွေ့လို့ .. ဗဲရီးလပ်ကီးပဲပေါ့ '
' ဒီစာအုပ်နဲ့ ဦးစဝ်ခွန်နောင်ကို သက်ဆိုင်ရာ အပ်ပေးပါ... ကျွန်တော် မြနှင်းဆီနောက် လိုက်သွားမယ်'
' ငါပါ လိုက်ခဲ့မယ် ဥက္ကာ.... မင်းဒီတစ်ခါတော့ တစ်ယောက်တည်း မသွားနဲ့တော့ '
' ကောင်းပါပြီ ကိုရင် ဗြတ္တ ... လိုက်ခဲ့ပါ '
တစ်ချိန်က ထည်ဝါခမ်းနားခဲ့သော မြမဉ္ဇူစံအိမ်ကြီးသည် ယခုတော့ မီးညွန့်မီးလျှံများ အောက်တွင် ဝပ်တွားခယ လျှက်ရှိနေပေသည်။ အချိန်ကား မနက်မိုးပင် သောက်လုပြီ။
' ဝဏ္ဏ ဘိုတဲမှာ ရှိလိမ့်မယ်ထင်တယ် ကျွန်တော် ဝင်ရှာလိုက်မယ် '
' နေဦး အခြေအနေကြည့်ရအောင် မတော်ရင် ပုလိပ်တွေနဲ့ တိုးနေမယ်'
' ကြည့်ရသလောက်တော့ ပုလိပ်မရှိလောက်ဘူး ကိုရင်ဗြတ္တ .... ဝဏ္ဏ တစ်ယောက်တည်းနေတဲ့ပုံပဲ '
ဥက္ကာ ဘိုတဲ ဝင်းအတွင်း ကြည့်လိုက်ရာ မီးဖိုထားသော မီးပုံတစ်ခုနှင့် ဘေးတွင် မူး၍ အိပ်နေဟန်တူသော လူနှစ်ယောက်ကို တွေ့ရသည်။
ဝင်းအတွင်းသို့ ခြေသံဖော့၍ ဝင်သွားရာ ဘိုတဲဘေးမှ ထွက်လာသူတစ်ဦးနှင့် သွားဆုံသည်။
' ဘယ်သူတွေလဲ ..... အွတ် '
ကိုဗြတ္တမှ လျှင်မြန်စွာ ပြေးဝင်ပြီး ရင်ညွန့်ကို ခြေဖြင့် ကန်လိုက်ရာ နောက်သို့ဖင်ထိုင်ရက်ကျသည်။ ထို့နောက် ဇာတ်ပိုးနေရာကို လက်ဝါးစောင်းဖြင့် ခုတ်လိုက်ရာ တစ်ချက်တည်း ဖြင့် မေ့မျောသွားလေသည်။
လှုပ်လှုပ်ရှားရှား အသံများကြောင့် မီးပုံဘေးတွင် အိပ်နေသော လူနှစ်ယောက်နိုးသွားသည်။
' ဟာ... ဟေ့ ဒီမှာ လူစိမ်းတွေရောက်နေတယ် လာကြဟေ့....'
' ဒုံ ဒုံ ဒုံ ဒုံ '
နိုးလာသော လူနှစ်ယောက်မှ အော်ဟစ် အချက်ပေးရင်း သံပုံးတွေပါ ခေါက်လိုက်သဖြင့် လူအယောက် ၂၀ ခန့် အလျှို လျှိုထွက်လာကြသည်။
' ငါကြည့်ထိန်းထားလိုက်မယ် ဥက္ကာ ... အမြန်သွားတော့ '
' ဖြစ်ပါ့မလား ကိုရင် ဗြတ္တ '
' ငါက မင့်ဆရာဆိုတာ မမေ့နဲ့ဦးလေ '
' အရင်တုန်းကပါဗျာ... ဟဲ '
ဗြတ္တကို စိတ်ချသွားပြီး ဘိုတဲ ရှိရာသို့ ဥက္ကာ လွှားခနဲ ပြေးထွက်သွားသည်။ လူအယောက် ၂၀ မှာ တုတ်များ၊ ဓါးများကိုယ်စီဖြင့် ဗြတ္တကို အမဲ ဖျက်ရန် ပြေးဝင်လာကြတော့သည်။
ဥက္ကာ ဗိုလ်တဲ အပေါက်ဝရှိရာ စင်္ကြန်အရောက်တွင် လူတစ်ဦး အသင့်စောင့်ဆိုင်းနေသည်ကို တွေ့ရသည်။
' လမ်းမှားလာတာလား ချာတိတ် '
' ခင်ဗျား ကျွန်တော့် အရှေ့က ဖယ်လိုက်ပါ '
' ငါထင်တာမမှား ဘူးဆိုရင် ပြီးခဲ့တဲ့တစ်ခေါက်က ငါ့အလုပ်မှာ ဝင်နှောက်သွားတာ မင်းပဲ ဖြစ်ရမယ် '
ထိုသူပြောစကားကြောင့် ယခင်မြနှင်းဆီကို နှောက်ယှက်သော သူများမှာ ၎င်း၏ လူများ ဖြစ်ကြောင်း သိလိုက်ရသည်။
' ငါ့နာမည် ငမိုး ... အဲ့နေ့တည်းက မင့်ကိုလိုက်ရှာနေတာ... ကံကောင်းချင်တော့လည်း မင့်ကိုယ်တိုင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာပါလား... ငါ့ရဲ့ သိက္ခာလေးတွေကို ပြန်ဆည်ပေးရမှာပေါ့ကွာ... မင်းရဲ့ အရိုးလေးတွေ ချိုးရရင် ကျေနပ်ပါပြီ .... ရော့.... '
' ဖုန်း'
စကားဆုံးဆုံးချင်း လျှပ်တပြက် ကန်လိုက်သဖြင့် ရှေင်ချိန်မရလိုက်ပဲ လက်နှစ်ဖက်ပူးပြီး ကာလိုက်ရသည်။ ကန်ချက်အလွန်ပြင်းသဖြင့် အနောက်သို့ နှစ်လှမ်းခန့် ယိုင်သွားရာ လျှော့တွက်၍ မရကြောင်း သိလိုက်ရသည်။
ဥက္ကာလည်း အသင့်အနေအထားဖြင့် ပြင်ထားပြီး နောက်လာမည့် တိုက်ကွက်အတွက် စောင့်ဆိုင်းနေလိုက်သည်။ ငမိုးမှ ဘက်ဝိုက်လက်သီး ဖြင့် ထိုးလိုက်သဖြင့် ငုံ့ရှောင်လိုက်ပြီး ဝမ်းဗိုက်ကို အားစိုက်ထိုးချလိုက်ရာ ဖင်ထိုင်လျက် လဲကျသွားသည်။
ငမိုးဒေါသထွက်သွားပြီး ပိုမိုပြင်းထန်စွာ တိုက်ခိုက်တော့သည်။ ညာဘက်အရောင်ပြပြီး ဘယ်ဘက်မှ ထိုးသည်။ ဘယ်ဘက်မှ ထိုးဟန်ပြုပြီး ညာမှ ဒူးဖြင့်တိုက်သဖြင့် ဥက္ကာ အလူးအလဲ ခံလိုက်ရသည်။
ငမိုးမှာ သူ့ထက် လူကောင် နှစ်ဆကြီးသဖြင့် ရေရှည် ယှဉ်ပြိုင်ရန် မလွယ်ကူမှန်း သဘောပေါက်လိုက်သဖြင့် တိုက်ပွဲကို ရောင်ပြန်တိုက်ကွက်ဖြင့် အမြန်အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။
ရောင်ပြန်တိုက်ကွက်ဆိုသည်မှာ လက်သီးကို လက်သီးချင်း၊ ဒူးကို ဒူးချင်း၊ တံတောင်ကို တံတောင်ချင်း ပြန်လည်ခုခံရသည့် သိုင်းတစ်ခုဖြစ်သည်။ ၎င်းတိုက်ကွက်မှာ အလွန် အန္တရာယ်များပြီး လေ့ကျင့်သားရှိသော သူမှသာလျှင် ခံနိုင်ရည်ရှိမည် ဖြစ်သည်။
ထိုအခိုက် ငမိုးမှ ဘယ်ဘက်အရောင်ပြပြီး ညာခြေဖြင့် ပတ်ကန်လိုက်သဖြင့် ညာခြေဖြင့်ပင် ပြန်လည် ကန်လိုက်သည်။
' ဖြောင်း '
မမျှော်လင့်ထားသော ခုခံမှုမျိုးကြောင့် ငမိုး အထိနာသွားပြီး ဝရုန်းသုံးကားဖြင့် ညာလက်သီးနှင့် တစ်ဖြောင့်တည်းထိုးချလိုက်လေသည်။
ထိုအခါ ဥက္ကာမှ ၎င်း၏ထိုးချက်အားပျော့သွားစေရန် အနောက်အနည်းငယ် ဆုတ်ပေးလိုက်ပြီး ညာလက်သီးဖြင့်ပင် တည့်တည့်ဆိုင်ဆိုင် ပြန်လည်ထိုးချလိုက်သည်။
' ဖြောင်း '
' အားးး '
ကျင့်သားမရှိသော ငမိုးမှာ လက်ဖျံရိုးကျိုးသွားသဖြင့် ဒယီးဒယိုင် ဖြစ်သွားစဉ် ရင်ဝသို့ ဒူးဖြင့် အပြင်းတိုက်ပေး လိုက်ရာ အရုပ်ကျိုးပြတ် လဲကျသွားတော့သည်။
ဘိုတဲ တံခါးကို တွန်းကြည့်ရာ မင်းတုပ်ချထား ဟန် တူသဖြင့် တုပ်တုပ်မျှပင် မလှုပ်ပေ။ ဥက္ကာ အားကုန်သုံး၍ ကန်ဖွင့်လိုက်သည်။
' ဝုန်း '
မြနှင်းဆီကို ကြမ်းပြင်ပေါ်ဝယ် ခွေခွေလေးတွေ့လိုက်ရသဖြင့် စိုးရိမ်တကြီး ပြေးပွေ့လိုက်သည်။
' မြနှင်းဆီ... မြနှင်းဆီ '
ဥက္ကာ ခေါ်သံကို မြနှင်းဆီ မကြားတော့ပါ။
' ဖြစ်ရလေ မြနှင်းဆီရယ် .... သတိရပါဦး ... စကားပြန်ပြောပါဦး မြနှင်းဆီရယ်'
ဥက္ကာရင်ဘက်တစ်ခုလုံး ကြေမွသွားသလို ခံစားရပြီး မျက်ရည်များ တားမရအောင် ကျဆင်းလာသည်။ ယောက်ကျားရင့်မာဖြစ်သော်လည်း ချစ်သူအတွက် ပူဆွေးဝမ်းနည်းသောကြောင့် ကျသော မျက်ရည်တို့ကို ချုပ်တည်းနိုင်စွမ်း မရှိတော့ပေ။
' ဆောရီး... ကွာ... ငါတကယ်မရည်ရွယ်ပါဘူး'
အသံလာရာသို့မော့ကြည့်လိုက်တော့ ဝဏ္ဏ။
' ငါ ကောင်းကောင်းမွန်မွန်နဲ့ချော့မော့ဆက်ဆံပါသေးတယ် .... သူအရမ်းခေါင်းမာလွန်းလို့ လက်လွန်သွားတာ'
' မင်း မြနှင်းဆီကို သတ်လိုက်တယ်'
ဥက္ကာ၏ မျက်လုံးများ မီးဝင်းဝင်းတောက်သွားသည်။ ထွက်လာသော ဒေါသအရှိန်တို့သည် ဝဏ္ဏကို အစိတ်အမွှာမွှာဖြစ်အောင် လုပ်ရန် လုံလောက်သွားသည်။
' ဒါပေမယ့် မြနှင်းဆီကို ငါသတ်တာမဟုတ်ဘူး မင်းသတ်တာ ဖြစ်သွားပြီ အခုမင်းလက်ပေါ်မှာ... တခြားလူလည်း သက်သေမရှိဘူး'
' ကဲကွာ' ' ခွပ်'
' လူစိတ်မရှိတဲ့ကောင် ... ဖြောင်း '
ဥက္ကာ စိတ်ရှိလက်ရှိထိုးနေသဖြင့် ဝဏ္ဏမှာ သွေးများ ထွန်းအိုင်လျက် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။
' ဥက္ကာတော်တော့ မင်းဆက်ထိုးနေရင် သေသွားလိမ့်မယ်'
ဗြတ္တရောက်လာမှ အသိစိတ်ပြန်ဝင်လာပြီး ဝဏ္ဏကို ဆွဲမြောက်ထားရာမှ ပစ်ချလိုက်သည်။
' မြနှင်းဆီရယ် ဖြစ်ရလေ.... '
ဥက္ကာပြန်အလှည့်တွင် ဝဏ္ဏမှ ရုတ်တရက်ထလာပြီး ခြေသလုံးတွင် ဖွက်ထားသည့် ဓါးမြောင်ကို ထုတ်ယူပြီး ဥက္ကာ နောက်ကျောသို့ စိုက်ချလိုက်သည်။
' ဥက္ကာ အနောက်မှာ'
ဗြတ္တ၏ အော်သံကြားသည်နှင့် ကိုယ်ကို လျှင်မြန်စွာတစ်ပတ်လှည့်လိုက်ပြီး ထိုးလိုက်သော ဓါးမြောင်ကို လက်ပြန်ခေါက်၍ ဝဏ္ဏ၏ မေးစေ့သို့ ပြန်ချိန်ထားလိုက်သည်။
ထိုစဉ် ဝဏ္ဏ၏ ဖခင်နှင့် ပုလိပ်များ ရောက်ရှိလာပြီး သေနတ်များဖြင့် ချိန်ထားလိုက်သည်။
' လက်နက်ချလိုက်ပါ မောင်ရင် ဥက္ကာ မင်းကို လူသတ်မှုနဲ့ ဖမ်းလိုက်ပြီ ... '
ဗြတ္တကိုလည်း ပုလိပ်များမှာ ဝိုင်းဝန်း လက်ထိတ်ခတ်လိုက်ကြသည်။
ဝဏ္ဏက သွေးအလိမ်းလိမ်းကြားမှ ရယ်ကျဲကျဲလုပ်ရင်း ' မင်းလူသတ်မှုနဲ့ ဖမ်းခံရတော့မယ် ... ဟဲဟဲ ..ထောင်ထဲမဝင်ခင် ပြောပြလိုက်မယ်... မြနှင်းဆီ သေသွားပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ကိုတော့ ငါပိုင်လိုက်ရတယ်'
' မင်း ... မင်းလူယုတ်မာ '
ဝဏ္ဏ၏လည်ပင်းသို့ တေ့ထားသည့် ဓါးမြောင်အား ကျန်လက်ဖြင့် ရိုက်သွင်း လိုက်တော့သည်။
' ဒိုင်း'
တစ်ချိန်တည်းဆိုသလိုပင် ဝဏ္ဏ၏ဖခင် ပစ်လိုက်သော ကျည်ဆံမှာ ဥက္ကာ ၏ ဘယ်ဘက်ရင်အုံကို ဖောက်ဝင်သွားသည်။
နာကျင်နေတဲ့ ရင်ကအခု အေးမြသွားပါပြီ မြနှင်းဆီ။ ကိုယ်မြနှင်းဆီရှိရာ အရောက်လာခဲ့ပါ့မယ်..........။
................................
.
.
.
' မြနှင်းဆီ ...... မြနှင်းဆီ '
' ဟော သားသတိရလာပြီ..... ဆရာဝန်တွေခေါ်ပါဦး ... သား... ဘယ်လိုနေသေးလဲ '
' မြနှင်းဆီကိုကယ်ပေး.. မြနှင်းဆီ... မြနှင်းဆီကို ခေါ်ပေးကြပါ... '
ကယောင်ကတန်း အော်ဟစ်နေသည့် သားဖြစ်သူကို ကြည့်ရင်း ဒေါ်သီတာစိုး မျက်ရည်ဝဲနေမိသည်။ ထိုစဉ်ဆရာဝန်ကြီး ရောက်လာပြီး လူနာ၏ အခြေအနေကို စမ်းသပ်ပြီး
'ဆရာမလေးတွေ လူနာကို မောဖင်းပေးလိုက်ပါ... စိတ်လှုပ်ရှားမှုလွန်ကဲနေတယ်... အစ်မကြီး ညနေကျရင် ကျွန်တော့ ရုံးခန်းလာခဲ့ပါဦး'
..............
ဆရာဝန်ကြီး၏ ရုံးခန်းထဲသို့ ဝင်လာသောအခါ ဆရာဝန်ကြီးမှ သက်ပြင်းရှည်ချ၍
' ထိုင်ပါဦး ဒေါ်သီတာစိုး .... ဒါ ခင်ဗျားသားရဲ့ ဦးခေါင်းဓါန်မှန်ပါ ... ဦးခေါင်းခွံကွဲပြီး သွေးယိုစီးမှုကြောင့် အလျင်မီခွဲစိတ်လိုက်ရတယ်...'
' အခြေအနေဆိုးလား ဆရာ ကျွန်မသားလေး ပြန်ကောင်းနိုင်ပါ့မလား'
' အတတ်တော့ မပြောနိုင်သေးဘူး ... ဒါပေမယ့် အရမ်းဆိုးမှာ မဟုတ်ပါဘူး... ဦးခေါင်းကို ထိခိုက်မှုကြောင့် ကယောင်ကတမ်းတွေ ပြောနေတာ ဖြစ်နိုင်တယ်... ဆေးပညာအရပြောမယ်ဆိုရင်တော့ အာရုံကြောတွေကို ထိခိုက်မှုကြောင့် အပြင်မှာ မရှိတဲ့ အဖြစ်အပျက်တစ်ခုကို တစ်ကယ်ရှိလို့ ထင်နေရတာမျိုး ဖြစ်နိုင်ပါတယ်'
' ဒါပေမယ့် မောင်ဥက္ကာ ကားအက်ဆီးဒင့်ဖြစ်တာ ရှမ်းသချိုင်းနားလေးမှာဆိုတော့ ရဲတွေကို မေးမြန်းကြည့်ရသလောက် သူကယောက်ကတန်းပြောတဲ့အထဲက နာမည်တစ်ချို့ သချိုင်းထဲက မှတ်တိုင်မှာ ရှိတယ်လို့ ပြောပြကြတယ်.... သူမေ့မျောနေတဲ့ အချိန်မှာ သူ့စိတ်ဝိဉာဉ်ဟာ ဝိဉာဉ်လောကနဲ့ ထိတွေခဲ့တာလည်း ဖြစ်နိုင်တယ်..... ဒါမှမဟုတ် တိဘက် ကလာတဲ့ အယူအဆတစ်ခုရှိတယ်... လူတစ်ယောက်ဟာ မေ့မျောနေစဉ်မှာ အတိတ်ဘဝကို ပြန်လည် ခရီးသွားနိုင်တယ် ဆိုတာတွေနဲ့လည်း သက်ဆိုင်မလားဆိုတာ ကျွန်တော်မပြောတတ်တော့ဘူး... '
' အဲ့ဒီအရာတွေကို သူ့ကိုထိခိုက်စေမှာလား.. ဘယ်လိုကုသရ ကုသရပါဆရာရယ် ကုသပေးပါနော်'
' လောလောဆည်ကျွန်တော်တို့ လုပ်နိုင်တာဆိုလို့ ... စောင့်ကြည့်ဖို့ပဲ ရှိတယ်... သူဟာ ရူးတဲ့သူတစ်ယောက် မဟုတ်တဲ့အတွက် ဒဏ်ရာသက်သာရင်တော့ဆေးရုံက ဆင်းလို့ရပါပြီ.. စိတ်ငြိမ်ဆေးတွေတော့ ပေးလိုက်မယ် ဆက်သောက်ရမယ်... အခြေအနေ တစ်ခုခုထူးခြားတာ ရှိရင်တော့ ကျွန်တော့်ဆီ ချက်ချင်းဆက်သွယ်ပေးပါ....'
' ကျေးဇူးတင်ပါတယ် ဆရာ'
၁၅ ရက်ခန့်ကြာသော် သူဆေးရုံမှ ဆင်းခွင့်ရခဲ့ပါသည်။ မြနှင်းဆီကို ဆုံတွေ့ခဲ့ခြင်းမှာ အိပ်မက်လား ၊ အမှန်တစ်ကယ်လား ခွဲခြား၍ ရနိုင်စွမ်းမရှိပါ။ သေချာစွာ သိနေသည့် အရာတစ်ခုကတော့ သူ မြနှင်းဆီကို အရမ်းချစ်ပါသည်။
' သား....သွားရအောင်လေ '
ဒေါ်သီတာစိုး ဆေးရုံကို သမင်လည်ပြန် ငူငူငေါင်ငေါင် ကြည့်နေသော ဥက္ကာကို ကားပေါ်တတ်ရန် သတိပေးလိုက်သည်။
ဆေးရုံအဆင်းတွင် ဥက္ကာနှင့်အတူပါလာသော ပစ္စည်းများကိုလည်း အိတ်ဖြင့် ပြန်လည်ထည့်ပေးလိုက်သဖြင့် ဖွင့်ကြည့်ရာ ဝတ်နေကျ ဂျင်းအကျီလေးကို တွေ့ရသဖြင့် ဝတ်လိုက်ရင်း ကားပေါ်တတ်လိုက်သည်။
' သား ... စိတ်ထဲမှာ ရှိတာတွေ အားလုံးမေ့လိုက်နော်.. ပျော်ပျော်ရွှင်ရွှင်နေရမယ်ကြားလား'
သူအမေစိတ်ချမ်းသာအောင် ခေါင်းငြိမ့်ပြလိုက်သည်။ သို့သော် မြနှင်းဆီကို ဘယ်လိုမှ မေ့လို့ရတော့မည်မဟုတ်ပေ။ မဖြစ်နိုင်မှန်းသိသော်လည်း သူမ၏ရယ်သံလွင်လွင်လေးတွေကို အခွင့်ရှိမယ်ဆိုရင် ပြန်ကြားခွင့် ရချင်ပါသေးသည်။
မြနှင်းဆီအကြောင်းတွေးရင် အကျီအိပ်ကပ်ထဲသို့ လက်နှိုက်လိုက်ရာ ခိုးလိုးခုလု အရာတစ်ခု စမ်းမိသဖြင့် ဆွဲထုတ်လိုက်သည်။
' ဟာာ'
ထိုအရာကား မြနှင်းဆီ သူ့အတွက် လက်ဆောင်ပေးခဲ့သည့် ဖေါင်တိန်ကလေးပင် ဖြစ်တော့သည်။
ပြီးပါပြီ ။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...