'
ဗျာကျွန်တော် ကျောင်းတတ်ရမယ် ဟုတ်လား ဘဘုန်းကြီး '
'
အင်းလေ….. မြို့ကျောင်းကလည်း ဒီအနီးနားလေးတင် ဥစ္စာကို ဒီတစ်ခေါက် ကျောင်းဖွင့်တော့
သွားတတ်ချေပေါ့ '
ဥက္ကာ
အလွန်ပျော်သွားသည် အလွန်ကျောင်းတတ်ချင်ခဲ့သော အိပ်မက်သည် အမှန်တစ်ကယ် ဖြစ်၍ လာပြီ
ဖြစ်သည်။ သို့သော် ယုံရတစ်ဝက်မယုံရတစ်ဝက်လို ဖြစ်နေသည် ' ကျောင်း စရိတ်က အများကြီး
ကုန်မှာ ဘဘုန်းကြီးရဲ့ ဖြစ်ပါ့မလား '
'
အဲ့အတွက်တော့ စိတ်မပူနဲ့ မင့်အတွက်လို့ ရည်ရွယ်ပြီး စုထားတဲ့ ပိုက်ဆံတွေရှိတယ်…..
အဲ့တာတွေက ကပ္ပိယကြီး သီးပင်စားပင်တွေ ရောင်းရငွေလည်းပါတယ်… သူ့ကိုလည်း ကျေးဇူးတင်ပေါ့
'
'
ကျေးဇူးတင်လိုက်တာ ဘဘုန်းကြီးရယ် … ကပ္ပိယကြီးကိုလည်း ကျေးဇူးတင်ပါတယ်… ကျွန်တော်
ကိုဗြတ္တကို သွားပြီး ပြေးပြောတော့မယ်ဗျိုး '
ပျော်ရွှင်မြူးတူးစွာ
ပြေးထွက်သွားသော ဥက္ကာကို ကြည့်ရင်း ဆရာတော် ပြုံးလိုက်မိသည်။
'
ကိုရင် ဗြတ္တ … ကိုရင် ဗြတ္တ….. '
'
ဘာများတုန်းဟ … မထိတ်သာ မလန့်သာ ရှိလိုက်တာ… ဘာလဲ ကျောင်းနေရမယ့် ကိစ္စမဟုတ်လား '
'
ဟာာ.. ကိုရင်ဗြတ္တ သိပြီး ပြီလား….. ဒါမျိုးကျ နေနိုင်လိုက်တာ .. ကျွန်တော် ဆရာတော်
ပြောမှ သိရတယ် '
'
အခုပဲသိသိ နောင်ပဲ သိသိ အတူတူပါပဲကွာ… ရော့ဒီမှာ ရခိုင်လုံခြည် နဲ့ လွယ်အိတ်… မင့်
ကျောင်းတတ်ဖို့ဆိုပြီး မင့်မရီး သွားဝယ်လာတာ …'
'
အဲ့လိုလား…. အားနာစရာကြီးဗျာ… ကျွန်တော်နဲ့ အတော်လိုက်မယ်နော် ကျေးဇူးပါ
ကိုဗြတ္တရယ် '
'
ကဲကဲ အစ်ကိုတွေ နောင်တွေ အချစ်ပို နေတာ တော်ကြတော့ ဒီမှာ ထမင်းတွေ အေးကုန်တော့မယ်
ခူးထားတာ လာစားလှည့်တော့ ' ..
မရီး၏ အသံကြားမှ ဝမ်းခေါင်းအတွင် တကြုတ်ကြုတ်ပိုဆာ
လာသလို ရှိသည်နှင့် တစ်ခါတည်း ဝင်စားလိုက်သည်။ ချဉ်ပေါင်ရွက် မျှစ်ချဉ်နှင့်
တောဝက်သားတို့ကြောင့် ခေါင်းဖေါ်ရန်ပင် မေ့လျော့နေတော့သည်။
'
စိန့်မာဂရက် ဟိုက်စကူး ' ဟူ၍ ရေးသားထားသော ဖောင်းကြွစာလုံးကြီးများနှင့်
ကျောင်းတော်ကြီးမှာ အလွန်ကြီးမား ခန့်ညား လွန်းလှသည်။ အင်္ဂလိပ် အစိုးရ၏ အစီမံဖြင့်
မြန်မာစာ သင်သော ကျောင်းများကို ရပ်ဆိုင်းစေခဲ့ပြီး အင်္ဂလိပ် အစိုးရပိုင် အထက်တန်း
ကျောင်းများကို အစားထိုးဖွင့် လှစ်ခဲ့သည်။ အင်္ဂလိပ်စာကို ကြိုက်နှစ် သက်လှသည်
မဟုတ်သော်လည်း ဘဘုန်းကြီး ပြောခဲ့သည့် စကား ကြောင့် လိုလိုလားလား သင်ယူရန်
ဆန္ဒပြင်းပြခဲ့သည်။
'
နယ်ချဲ့တွေ့ရဲ့စာကို မသင်ချင်ပါဘူး ဘဘုန်းကြီးရာ… ဘဘုန်းကြီး သင်ပေးလို့ ကျွန်တော်
အခြေခံလောက် သိထားပြီပဲ '
'
နယ်ချဲ့တွေရဲ့စာကိုသင်တယ်ဆိုတာ … သူတို့ကိုကြောက်လို့၊ အားကျလို့မဟုတ်ဘူး
မောင်ဥက္ကာ.. ဒီ မျက်နှာဖြူတွေရဲ့ စကားကို တတ်ထားမယ်ဆိုရင်ဖြင့် သူတို့ အနိုင်ကျင့်တိုင်း
မခံရတော့ဘူးပေါ့… တစ်ချိန်ကျရင် သေချာပေါက် အရေးပါလာမှာပါ..ကျွမ်းကျင်တတ်မြောက်အောင်
လေ့လာပါ'
'
နားလည်ပါပြီ ဘဘုန်းကြီး ကျွန်တော် အစွမ်းကုန် ကြိုးစားပါမယ် '
'
….. '
'
တစ်ကယ်လည်း စိတ်အား ထက်သန်ပေသကိုး ဇွဲနဲ့ နပဲနဲ့ ကောင်းလေစွ ..ကောင်းလေစွ'
ဘဘုန်းကြီးပြောခဲ့သည့်စကားကို
စဉ်းစားနေရင်း အသံထွက်မိသွားသည် ထင်သည်။ ဘေးနားမှ လူရွယ်တစ်ယောက်မှ
နောက်တောက်တောက် ပြောလာသဖြင့် အမ်းတမ်းတမ်း ဖြစ်သွားသည်။
'
ကျွန်တော့်နာမည် စောဒေးဗစ်ပါ… ခင်ဗျားက ဘယ်သူလဲ '
'
ကျွန်ပ် ဥက္ကာပါ…. '
'
ဂလက်တူ ဆီးယူနော်….. သူငယ်ချင်းလိုခင်လို့ ရတယ် .. ဖရင့်တွေ ဖြစ်သွားပြီ …
အိုကေတယ်မဟုတ်လား'
သူငယ်ချင်းဖြစ်သွားပြီလို့
ပြောသည်ဟုထင်သဖြင့် ….ခေါင်းငြိမ့်ပြလိုက်သည်။ စောဒေးဗစ်မှာ အနောက်တိုင်း ဆန်ဆန်
အဝတ်အစားများကို ကို့ယို့ကားယား ဝတ်တတ်သည်နှင့် တစ်ခါတစ်ခါ သိပ်နားမလည်သော
စကားများ ပြောလေ့ရှိသည်မှလွဲရင် အလွန်ခင်စရာကောင်းသောသူဖြစ်ကြောင်း
နောက်ပိုင်းတွင် တွေ့ရှိရလေသည်။
ကျောင်းတတ်သည်မှာ
နှစ်ပတ်ကျော်လာပြီ ဖြစ်ပြီး ဥက္ကာလည်း ကျောင်းမှ သင်သောစာများဖြင့် အလုပ်ရှုပ်နေသည်။
ကျောင်းဖွင့်ရက်တွင် ကျောင်းတတ်ပြီး၊ ကျောင်းနားရက်တွင် ဘဘုန်းကြီးဆီပြန်၍
အလုပ်ကူလုပ်ရသဖြင့် မအားလပ်ပဲ ရှိလေသည်။
စောဒေးဗစ်မှာမူ
စာကို သိပ်စိတ်ဝင်စားလေ့ရှိသူမဟုတ်။ အားလပ်ချိန်တွင် ဂစ်တာ တဒေါင်ဒေါင်
တဒင်ဒင်ဖြင့် သီချင်းဆိုနေလေ့ရှိသည်။ ဥက္ကာလည်း ကိုဗြတ္တ မယ်ဒလင်တီး သင်ပေးထားသဖြင့်
ပုံစံတူမည်ထင်ကာ ယူငင်တီးခတ်ဖူးသည်။ သို့သော် တီး၍မရပေ။
'
အော်… စာလုပ်ချင်ယောင်ဆောင်ပြီး ပုံဆွဲနေတာပဲ ပြစမ်း '
မြနှင်းဆီ၏
ပုံကိုမှန်းဆ၍ ဆွဲထားသော ပန်းချီကို စာအုပ်အောက်တွင် ညှပ်ထားရာမှ စောဒေးဗစ်တွေ့၍
ဆွဲယူသွားခြင်း ဖြစ်သည်'
'
မလုပ်ပါနဲ့ကွာ ပြန်ပေးပါ '
'
ပေးမှာပေါ့ကွ… ကောင်မလေးက ဘယ်သူလဲ ဘယ်ကလဲ'
'
မသိဘူး…. သူ့ကို တစ်ခါပဲ တွေ့ဖူးတာ နောက်တစ်ခေါက် ထပ်မဆုံ ဖြစ်ကြတော့ဘူး '
ဥက္ကာမှာ
မြနှင်းဆီနှင့် ကြုံခဲ့ရသည်များကို ဖြစ်ကြောင်း ကုန်စင် ပြောပြလိုက်သည်။
'
ဟ… မင်းတို့ ဇာတ်လမ်းကြီးက ရိုးလွန်းပါတယ်…. ဗဲရီးအိုးး… ဖားသားတို့ခေတ်က ဇာတ်လမ်း
ကျနေတာပဲ '
'
အဲ့လိုပဲ ဖြစ်ခဲ့တာပဲ ဘယ်နှယ့် တတ်နိုင်ပါ့မလဲ '
'
မင်းသူ့ကို မတွေ့ချင်ဘူးလား '
'
တွေ့ချင်တာပါ့ရယ်… နောက်ဆုံးတစ်ခေါက်တွေ့ပြီးကတည်းက မဆုံဖြစ်တော့တာ.. နေထိုင်ရော
ကောင်းပါလေစလို့ စိတ်တော့ အပူသား.. ရေစက်ရှိရင်တော့ တွေ့ ကြရဦးမှာပေါ့'
'
အင်း အချစ် ဟီးရိုးကြီး တစ်ယောက်ရဲ့ လွမ်းချင်းကို နားထောင်ရတာ ကိုယ်တောင် ငိုချင်လာသလိုလို
ဖြစ်နေတယ်… ထိန်ဝင်းတို့ ဒီညနေ ထန်းရေဝိုင်းမှာ ရှိမယ်ပြောတယ် သွားသောက်ရအောင်
အလွမ်းပြေပေါ့'
'
နေပါစေဗျာ… မလိုက်တော့ပါဘူး ကျွန်တော် သွားစရာလေး ရှိလို့ပါ '
စောဒေးဗစ်မှာ
ခေါင်းတစ်ခါခါဖြင့် ထွက်သွားလေသည်။ သူထွက်သွားမှ မြနှင်းဆီရဲ့ ပုံလေးကို
ထုတ်ကြည့်မိသည်။ စိတ်မှန်းဖြင့် ဆွဲထား၍ မသေမသပ် ဖြစ်နေသော်လည်း အလွန် ချစ်စရာ
ကောင်းနေသည်ဟု ထင်နေမိသည်။ အလွန်လှပသော မျက်လုံးကလေးများ၊ သူ့အပေါ် ဂရုနာသက်သည့်
ပုံရိပ်ကလေးများ ပြန်မြင်ယောင်ကာ ရင်ထဲ နွေးထွေးသွားရလေသည်။
…………………………………………………………………………………………..
'
ဒီကနေ့ ကျောင်းမှာ ကျောင်းသား ကျောင်းသူ အသစ်တွေရောက်တယ်…. တစ်ယောက်ချင်းဆီ
မိတ်ဆက်ကြမယ်'
ဆရာ၏
စကားသံအဆုံးတွင် စင်ပေါ်သို့ တစ်ဦးချင်း တတ်လာ၍ မိတ်ဆက်ကြသည်။
'
မစ် မေရီအေးဆင့်ပါရှင် တွေ့ရတာဝမ်းသာပါတယ် '
'
မစ္စတာ ကျော်ဝင်းပါ တွေ့ရတာ ဝမ်းသာပါတယ် '
သုံးယောက်မြောက်တွင်
ဆရာမှ လှိုက်လှိုက်လှဲလှဲ ဝမ်းသာသော မျက်နှာထားဖြင့် ကိုယ်တိုင် မိတ်ဆက်ပေးသည်။
'
ဟောဒီကတော့ မိတ်ဆက်ပေးရမှာ မစ္စတာ ဝဏ္ဏပါ … အားလုံးလက်ခုပ်တီးပေးပါဦး '
စင်ပေါ်တွင်
ရပ်နေသော အသားဖြူဖြူ ပိန်ပိန်ပါးပါး၊ ဝတ်ပုံစားပုံ သပ်ရပ်သောလူရွယ်မှ ဦးထုတ်ကို
ချွန်၍ ခါးညွှတ်အလေးပြုရာ ကျောင်းသား၊ကျောင်းသူအားလုံး လက်ခုပ် တီးကြသည်။
'
အဲ့တာ ဘယ်သူလဲ ကိုရင်စောဒေးဗစ် '
'
လုပ်ပြန်ပြီ အဲ့ဒီ ကိုရင်ကြီး ထည့်မခေါ်မခေါ်ပါနဲ့ဆို…. သူက အရေးပိုင်မင်းရဲ့
တစ်ဦးတည်းသော သားလေ… မြို့ပေါ်မှာတော့ သူ့အဖေပြီးရင် သူအာဏာ အရှိဆုံးပဲ ဟဲဟဲ'
အော်…။
ဒါ့ကြောင့် ဆရာကိုယ်တိုင်က တစ်လေးတစ်စား မိတ်ဆက်ပေးခြင်းပေကိုးး။
အခုနောက်ဆုံး
မိတ်ဆက်ပေးရမယ့် တစ်ယောက်ကတော့……..
နောက်ဆုံးမိတ်ဆက်ပေးရမည့်
သူသည် စဉ်ပေါ်သို့ တစ်လှမ်းချင်း မခို့တယို့ တတ်လာသည်ကိုတွေ့လိုက်ရသည်။
'
မစ် မြနှင်းဆီ ဖြစ်ပါတယ်…'
'
ဟာာာ…..' သူ့ရင်ဘက်တစ်ခုလုံး
လှုပ်ခါသွားသည်။ မြနှင်းဆီ။ မြနှင်းဆီပါလား။
'
မစ်မြနှင်းဆီဟာ ကျောင်းရဲ့လိုအပ်တဲ့ ကိစ္စအဝဝအတွက် ငွေအမြောက်အမြား ထည့်ဝင်မတည်
ပေးထားတဲ့ အကျိုးတော် ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်….. အားလုံး လက်ခုပ်တီးပြီး
ဂုဏ်ပြုပေးကြရအောင် '
ဥက္ကာ
လက်ခုပ်တီးမိလား မတီးမိလားမသိပါ။ သူ့၏ အကြည့်တို့က မြနှင်းဆီထံတွင် သံမှိုကဲ့သို့
စွဲမြဲနေသည်။ မြနှင်းဆီသည် သူနှင့်တွေကစလို ရင်ဖုန်းအကျီ၊ ချိတ်ထဘီလေးနှင့်
မဟုတ်တော့။ စိမ်းနုရောင် ဂါဝန်လေးကို ဝတ်ဆင်ထားသဖြင့် ဖြူဝင်းအိစက်သော
အသားအရည်တို့ကို ပိုမို လင်းလက်တောက်ပအောင် ပံ့ပိုးပေးနေသကဲ့သို့ရှိသည်။ သူမက
ဝတ်ထားသော ဦးထုတ် အဝိုင်းလေးကို ချွတ်ယူ၍ ကျောင်းသား၊ ကျောင်းသူများထံ
ဦးညွှတ်လိုက်သည်။
'
မြနှင်းဆီ…. '
'
ဘာလဲ… မင်းသူ့ကို သိလို့လား'
'
သူပဲ ကိုရင် စောဒေးဗစ်ရ….ကျွန်ပ်နဲ့ ဆုံခဲ့တာ သူပဲ '
'
မင်း တစ်ကယ်ပြောနေတာလား….. အဲ့တာ သူဌေးကြီး ဦးစ၀်ရွှေနောင်ရဲ့ သမီးပဲ '
'
သေချာပါတယ်…. သူရဲ့မျက်လုံးလေးတွေ၊ အမူအရာလေးတွေ အားလုံးမှတ်မိနေတယ်.. သူမှသူပါပဲ'
'
ဒါဆိုရင်တော့ မင်းပြဿနာပဲ၊ လုံးဝ အင်ပေါဇေးဘဲနော်… သေချာစဉ်းစားဦး…မင်းကို
သူဘယ်လိုမှ ပြန်ကြိုက်နိုင်မှာ မဟုတ်ဘူး'
စောဒေးဗစ်၏
စကားကြောင့် ဥက္ကာ မင်သက် တွေဝေသွားရသည်။ သူဌေးကြီး စောခွန်နောင်ရဲ့ သမီးတဲ့လား ..။
မိုးနှင့်မြေလို ကွာဝေးသည့် အခြေအနေများက သူ့အပေါ်ရက်စက်ပြီ ထင်သည်။ မြနှင်းဆီကတော့
သူ့ကို သတိပြုမိဟန်မတူပေ။
ကျောင်းဆင်းသော်
ကျောင်းသား၊ ကျောင်းသူအသစ်များနှင့် ခင်ခင်မင်မင် မိတ်ဆက်စကားဆိုကြသည်။ ဝဏ္ဏဆိုသူ၏
အနီးအနားတွင် ကျောင်းသူများစွာ ဝိုင်းဝိုင်းလည်လျက် ဖြင့်ရှိသည်။ အလားတူ
မြနှင်းဆီ၏ နံဘေးတွင် ကျောင်းသားများဖြင့် ဝိုင်းနေတော့သည်။ မြနှင်းဆီနှင့်
ရင်မဆိုင်လိုသော်လည်း နှုတ်ဆက်ရမည့် တာဝန်ရှိသဖြင့် နှုတ်ဆက်ရန် အနီးအပါးသို့
သွားလိုက်သည်။
'
ဟယ်…. ကိုဥက္ကာ ဒီမှာ ကျောင်းတတ်နေတယ်…. မြနှင်းဆီလေ.. မှတ်မိလားဟင်'
မြနှင်းဆီမှ
ဥက္ကာကို မြင်သည်နှင့် ပျော်ရွှင်သွားပြီး တရင်းတနှင်း ပြောဆိုသည်။ ဥက္ကာလည်း
ဝမ်းသာသွားသည်။ ဘယ်လိုလုပ်မေ့နိုင်မှာလည်း မြနှင်းဆီရယ်။ ဆုံခဲ့တဲ့နေ့ကတည်းက
တစ်ရက်မှ မေ့လို့မရနိုင်ခဲ့ပါဘူးဟု စိတ်ထဲက ပြောနေမိသည်။
'
မှတ်မိပါတယ် မြနှင်းဆီ… ပိုလှလာတယ်နော'
'
ကိုဥက္ကာ မြောက်ပြောတော့မယ် …. ဟိုးတစ်နေ့က ကိုဥက္ကာ မြနှင်းဆီကို ကူညီပေးခဲ့တာ…
အခုချိန်ထိ ဘယ်လို ကျေးဇူးဆပ်ရမလဲ မသိသေးဘူး.. ကိုဥက္ကာကျေးဇူးတွေ မြနှင်းဆီအပေါ်မှ
ရှိနေတယ်'
'
အဲ့လို မတွေးပါနဲ့ မြနှင်းဆီ… ကျွန်ပ်က လုပ်သင့်လုပ်ထိုက်တာကိုပဲ လုပ်ခဲ့တာပါ…
မြနှင်းဆီ အဆင်ပြေတယ် ကျန်းမာတယ်ဆိုရင်ပဲ ဝမ်းသာလှပါပြီ ……အော်ဒါနဲ့…. ဟောဒီမှာ
မြနှင်းဆီရဲ့ လက်ကိုင်ပဝါလေးပါ.. ကျွန်တော် ပြန်လျှော်ပေးထားပါတယ် '
'
ယူထားလိုက်ပါ ကိုဥက္ကာရဲ့ အမှတ်တရပေါ့… ဒီအပြင်လက်ဆောင်တစ်ခုလည်း ပေးစရာ
တစ်ခုရှိသေးတယ် … နောက်ရက်ကျရင် ပေးမယ်နော်…'
'
မဟုတ်တာ မြနှင်းဆီရယ် လက်ဆောင်တွေ မလိုပါဘူးရယ်'
'
ခင်လို့ပေးတာကို ငြင်းရင် မြနှင်းဆီ စိတ်မကောင်းဖြစ်မိမှာနော် ကိုဥက္ကာ'
'
အဲ့တာဖြင့်ရင်တော့လည်း လက်ခံရမှာပေါ့ မြနှင်းဆီရယ်'
မြနှင်းဆီက
ကလေးလေးတစ်ယောက်လို ရယ်သည်။ သူမ၏ ရယ်သံလေးကအစ ပျောက်ပျက်မသွားအောင် ဖန်ပုလင်းထဲ
ထည့်သိမ်းထားချင်နေမိသည်။
'
မြနှင်းဆီ စကားခဏလောက်ပြောချင်တယ်.. တစ်နေရာရာ သွားရအောင်'
အသံလာရာ
သို့ ကြည့်လိုက်တော့ ဝဏ္ဏဆိုသည့် လူရွယ်ဖြစ်နေသည်။
'
မြနှင်းဆီ ကိုဥက္ကာနဲ့ စကားပြောနေတယ်.. ကိုဝဏ္ဏပြောချင်လျင် ဒီမှာ ပြောလည်းရပါတယ်'
ဝဏ္ဏမှ
ဒေါသထွက်သယောင်ဖြစ်သွားသော်လည်း မျက်နှာချို ပြန်သွေးရင်း
' ကောင်းပြီလေ… ဒါက မြနှင်းဆီရဲ့ သူငယ်ချင်းလေး
ထင်တယ် … အင်္ဂလိပ်ကျောင်းမှာ ယောပုဆိုးနဲ့ ဆိုတော့ တော်တော် ကြည့်ကောင်းနေတယ်
ဟားဟားဟား.. ရပါတယ် မြနှင်းဆီ .. အခုမအားရင်လည်း ညကျရင် တွေ့ရမှာပဲ… စောင့်နေမယ်နော်
' ဝဏ္ဏမှ ဥက္ကာကို စူးစူးရဲရဲ တစ်ချက်ကြည့်ပြီး သုံးဘီးကားပေါ်သို့ တတ်၍ မောင်းထွက်သွားသည်။
'
မြနှင်းဆီနဲ့ သူနဲ့က သိကြတာလား'
'
မြနှင်းဆီဖေဖေနဲ့ သူ့ဖေဖေနဲ့က မိတ်ဆွေတွေလေ… ဒါ့ကြောင့် မကြာခဏတွေ့ဖူးနေတာ… ဒီညကို
ကိုဝဏ္ဏတို့ဖေဖေရဲ့ ညစာစားပွဲရှိတယ်.. အဲ့တာ ဖေဖေကိုပါ ဖိတ်ထားတယ်.. မြနှင်းဆီကတော့
ဖေဖေခေါ်လို့ မလိုက်ချင်ပေမယ့် လိုက်သွားရဦးမယ်…. '
'
အဲ့လိုလား'
'
ကဲပါလေ… သူ့ကို စိတ်ထဲမထားနဲ့ မြနှင်းဆီ မြို့ထဲသွားစရာ ရှိတာ… ကိုဝဏ္ဏ
အဖေါ်လိုက်ခဲ့ပေးမယ် မဟုတ်လားဟင် '
သူ့မှာ
ငြင်းဆန်ဖို့ ဘယ်လို အင်အားမျိုးမှ မရှိပါ။ မြနှင်းဆီ၏ အနီးအပါးတွင်
အမြဲရှိချင်မိသော စိတ်တို့သည် အရာရာကို ခေတ္တ ခဏ မေ့သွားစေသည်။
'
ကောင်းပြီလေ… လိုက်ခဲ့ပါ့မယ်'
…………………………………………………………………………………………
'
အချစ်ဟီးရိုးကြီး မင်းသမီးလေးနဲ့ ပြန်တွေ့ရလို့ ငါ့ကိုတောင်
အရေးသိပ်မလုပ်တော့သလိုပဲနော် ဥက္ကာ.. မင့်အချိုးတွေ ပြောင်းနေတယ်..၊
စောဒေးဗစ်မှ
ဂစ်တာတီးနေရာမှ ရပ်လိုက်ရင်း ဥက္ကာကို လှမ်းနောက်နေခြင်းဖြစ်သည်။
'
မဟုတ်တာ ကိုစောရာ….. ကျွန်တော်တို့က အခု မိတ်ဆွေတွေပါ'
'
အခုတော့ မိတ်ဆွေပေါ့လေ… နောက်တော့မပြောတတ်ဘူး… ဒါပေမယ့်နော်
မင်းသတိထားရမှာတွေရှိတယ်'
'ဘာများလဲကိုစော'
'
မင်းကိုကောင်မလေးကို ချဥ်းကပ်နေတာ မင်းတစ်ယောက်တည်း မဟုတ်ဘူး ဝဏ္ဏဆိုတဲ့
တစ်ယောက်လည်းပါတယ်.. '
'
ဟုတ်လား ကိုစော ဘယ်ကနေ သတင်းကြားလာတာလဲ.. ကျွန်တော်က ဘာလို့သတိထားရမှာလဲ'
'
ဒီလိုပဲပေါ့ကွာ… ဒါပေမယ့် သတင်းကတော့ သေချာတယ်… ဝဏ္ဏက ပေါ့သေးသေးထဲမှာ
ပါတဲ့သူမဟုတ်ဖူးနော်… သူ့အဖေအားကိုးနဲ့ လုပ်ချင်ရာ လျောက်လုပ်နေတာ… အားလုံးသူ့ကို
ကြောက်ကြရတယ်ကွ… ပိုဆိုးတာက သူက ဆိပ်ကမ်းက လူမိုက်တွေကို ပိုက်ဆံပေးပြီး
ငှားထားတာရှိတယ်လို့လည်း ကြားတယ်… မင့်တွက် အန္တရာယ်ဖြစ်မှာ စိုးလို့ပါကွာ'
'
ရပါတယ် ကိုစောရယ်… ကျွန်တော်သိပ်မကြောက်တတ်ပါဘူးရယ်'
'
သတိတော့ထားပေါ့ကွာ… သတိဆိုတာ ပိုတယ်မှမရှိပဲ '
စောဒေးဗစ်ပြောမှ
စဉ်းစားမိသည်။ မြနှင်းဆီကို စတွေ့စဉ်က တွေ့ခဲ့သောလူမိုက်များသည် ဝဏ္ဏ၏ လူများ
ဖြစ်နိုင်ချေရှိသည်။ ဒီအတိုင်းဆို မြနှင်းဆီမှာ အန္တရာယ်ရှိနိုင်သည်။
မြနှင်းဆီကိုလည်း သတိပေးသင့်သည်ဟု တွေးမိသည်။ မြနှင်းဆီကို ကာကွယ်ပေးနိုင်ဖို့လဲ
လိုအပ်မှာပဲ….။
'ဟူးးးးးးးး'
'
ဟ……….ဘာတွေ သက်ပြင်းရှည်မှုတ်နေတာလဲ တစ်ယောက်တည်း'
'
ဟာ…. ကိုရင် သာအေးပါလား… ဒီမှာဘာလာလုပ်နေတာလဲ'
'
ငါက အေးဆင့်နဲ့ချိန်းတွေ့ဖို့ ဒီနေရာလာခဲ့တာကွ …. မင်းကသာ တစ်ယောက်တည်း ဒီနေရာမှာ
ဘာလုပ်နေမှန်းမသိတာ'
မြနှင်းဆီ၏
အကြောင်းတွေ တစ်ယောက်တည်း ထိုင်စဉ်းစားနေမိရင်း ကိုရင်သာအေးကြောင့်
အတွေးပျက်သွားသဖြင့် ကျွဲမြီးတိုသွားသည်။
'
မြနှင်းဆီလေး အကြောင်းကို စဉ်းစားနေတာပါ ကိုရင်သာအေးရာ '
'
မနက်က မြနှင်းဆီအိမ်ကို လိုက်သွားတယ်ဆို ဘာထူးခြားသေးလဲ'
'
မြနှင်းဆီအဖေက မြနှင်းဆီ နေရပ်ပြန်သွားတယ်လို့ ပြောတယ်၊ ပြန်လာမယ့်ရက်လည်း
မသေချာဘူး ကြာမယ်လို့ ပြောတယ်'
'
ဒါဆိုရင်တော့ မင့်ကို သူညာလိုက်ပြီကွ…. နေ့လည်ထန်းတောဘက်က ဖြတ်လာမိတော့
ထန်းရည်ဝိုင်းတစ်ခုက ပြောနေသံသဲ့သဲ့ ကြားခဲ့တယ်ကွ…. မြနှင်းဆီကို ဝဏ္ဏနဲ့
မနက်ဖြန်ပဲ လက်ဆက်ပေးတော့မှာတဲ့'
'
ဗျာာာ'
ဥက္ကာ
ဦးခေါင်းတစ်ခုလုံးချာချာလည်သွားရသည်။ ဘယ်ဘက်ရင်အုံတစ်ခုလုံးလည်း
နာကျင်စွာခံစားလိုက်ရသည်။
'
ကျွန်တော်သွားတော့မယ် ကိုရင် သာအေး'
'
ဘယ်သွားမှာတုန်း..ဟေ့ဟေ့ '
ကိုရင်သာအေးကို
ဂရုမစိုက်အားတော့ပဲ ပြေးထွက်လာခဲ့တော့သည်။
'
ဘာာာာ….. မင်း မြမဉ္ဇူ စံအိမ်ကို ခိုးဝင်မယ်… ဟုတ်မှလည်း လုပ်ပါ ဥက္ကာရာ မင်းကတော့
ပရော်ဘလန်ပဲ'
'
ကျွန်တော် မြနှင်းဆီနဲ့ တွေ့ဖို့လိုတယ် ကိုစော….. သူဆီက စကားတစ်ခုခုကြားဖို့လိုတယ်
သူအိမ်ထဲမှာ ရှိမယ်ဆိုတာ ကျွန်တော် ကျိန်းသေသိတယ်'
'
မင့်ဟာက အန္တရာယ်များ လွန်းတယ်လေကွာ… မတော် မိသွားရင် ထောင်တွေ တန်းတွေ ကျမှာကွ….
သေချာစဉ်းစားပါဦးကွာ'
'
ကျွန်တော် ဆုံးဖြတ်ပြီးပြီ ကိုစော… ဒီည မှောင်ရင် ကျွန်တော် ခိုးဝင်မယ်'
'
မင့်တစ်ယောက်တည်း ဖြစ်ပါ့မလားကွ … ငါ ငါတော့ မလိုက်ရဲဘူးကွ'
'
ကျွန်တော်တစ်ယောက်တည်း သွားလို့ ဖြစ်ပါတယ်… ကိုစောဆီမှာ ရှိတဲ့ ဓါတ်လင်း
(ဓါတ်မီး)လေးသာ ခေတ္တငှားလိုက်ပါ'
'
ဒါဈေးကြီးတယ်ကွ… ပြန်တော့ယူလာပေးနော်.. ငါလည်း ဖားသားဆီက မသိအောင်ယူလာတာ'
'စိတ်ချပါ
ကိုစော မပျောက်စေရပါဘူး… ကျွန်တော် သွားမယ်'
ဘုရားသခင်
စောင့်ရှောက်ပါစေကွာ။ စောဒေးဗစ် ဆုတောင်းပေးရင်း ငေါင်တောင်တောင်ဖြင့်
ကျန်ခဲ့လေသည်။
လမိုက်ညဖြစ်သဖြင့်
ပတ်ဝန်းကျင်က တိတ်ဆိတ် အေးစက်လွန်းနေသည်။ အိမ်ရှေ့တံခါးမှ ဝင်၍ မဖြစ်နိုင်သဖြင့်
မြမဉ္ဇူစံအိမ်ကို မှောင်ရိပ်အတွင်းမှ လှည့်ပတ် ကြည့်ရှုလိုက်သည်။ တစ်အိမ်လုံး
မီးရောင်ပျပျပင် မမြင်ရသဖြင့် စိတ်ထဲ စနိုးစနောင့် ဖြစ်နေသည်။ ဦးစ၀်ရွှေနောင်
ရှိတာလား၊ မရှိတာလား မသဲကွဲပေ။
ကြည့်ရှုနေရင်း
အိမ်နောက်ဖက် အဆောင်တစ်ခုမှ တံခါးတစ်ချပ်ပွင့်နေသည်ကို တွေ့လိုက်ရသည်။ တံခါးမှာ
လူတစ်ရပ်ကျော် ဖြစ်နေသဖြင့် ဝင်ရန် မလွယ်ကူပေ။ ၇ ပေ ခန့်မြင့်သော အုတ်တံတိုင်းကို
လွှားခနဲ့ ကျော်ဝင်လိုက်ပြီး အတွင်းသို့ ကြောင်ကျကျ သွားသည်။ ခြံဝန်းအတွင်း
မျက်စေ့ကစားလိုက်ရာ ထင်းရှုးပုံးအဟောင်းတစ်ခုအား တွေ့ရှိရသဖြင့်
ထိုထင်းရှုးပုံးဖြင့် ခု၍ အပေါ်သို့ ခဲရာခဲဆစ်တတ်ခဲ့သည်။
အိမ်ထဲသို့ရောက်သော်
မဲမှောင်၍ အေးစက်သော လေထုက စတင် ထိတွေ့ မိတ်ဆက် လိုက်သဖြင့် ကျောရိုးထဲ
စိမ့်သွားရသည်။ အိမ်ကြီးမှာ ကြီးမားသလောက် အခန်းပေါင်းများစွာဖြင့်
ဖွဲ့စည်းထားပြီး ရှုပ်ထွေးပွေလီလှသည်။ စတင်ဝင်လာခဲ့သော နေရာမှနေ၍ တစ်ခန်းချင်း
သတိကြီးကြီးဖြင့် ရှာဖွေသော်လည်း မြနှင်းဆီရော ၊ ဦးစဝ်ရွှေနောင်ရော
အရိပ်အရောင်မျှပင် မတွေ့ရပေ။
တစ်နေရာရောက်သော် စာကြည့်ခန်းဟု ယူဆရသည့် နေရာသို့
ရောက်လာသည်။
စာအုပ်များစင်များတွင်
စာအုပ်များ အစီအရီ ထားရှိထားပြီး စာကြည့်စားပွဲတစ်လုံးကို တွေ့ရသည်။
စာကြည့်စားပွဲ၏ အောက်မှ အံဆွဲကို ဆွဲဖွင့်လိုက်ရာ စာအုပ်တစ်အုပ်ထွက်လာသည်။
ထိုစာအုပ်မှာ ဦးစဝ်ရွှေနောင်၏ ကိုယ်ရေးမှတ်တမ်း စာအုပ်ဖြစ်ဟန်တူသည်။ စာအုပ်၏
အဖုံးတွင် SKN ဟုရေးထိုးထားသည်။ ဟိုဟိုသည်သည် လှန်လှောကြည့်ရင်း
စိတ်ဝင်စားဖွယ်အကြောင်းအရာများကို တွေ့ရှိရသဖြင့် စာအုပ်ထဲတွင် နစ်မြော
စီးဝင်သွားလေသည်။
သူဌေးကြီး
စဝ်ဘသိုက်သည် စဝ်ခွန်နောင်ကို မွေးစားခဲ့သည့်အချိန်မှ စ၍ သားအရင်းနှင့်မခြား
ပြုစုပျိုးထောင်ပေးခဲ့သည်။ သို့သော် အရွယ်ရောက်လာသော တစ်နေ့တွင် စော်ဘွားကြီး၏
လူယုံတော် သွေးထိုးမှုဖြင့် မွေးစားသားမှန်း သိရှိခဲ့ပြီး သည့်နောက်တွင်
မိခင်ဖခင်အရင်းကို တိတ်တဆိတ် စုံစမ်းခဲ့သည်။ ထို့နောက်တွင် စဝ်ခွန်နောင်မှာ
စော်ဘွားကြီး ကုန်သွယ်သွားစဉ်က ခရီးတစ်ထောက်နားသော ရွာလေးတစ်ရွာတွင် ကော်စိုက်သမလေးတစ်ဦးနှင့်
ကျူးလွန်မိပြီး မွေးခဲ့သော သားဖြစ်မှန်း သိလိုက်ရသည်။ စော်ဘွားကြီးမှ
နစ်နာကြေးအဖြစ် ရွှေစင်အသပြာတစ်ထောင်ပေးခဲ့ပြီး သားယောက်ကျားလေးမွေးမှန်းသိရ၍
ပြန်လည်ခေါ်ငင်လာခဲ့ခြင်း ဖြစ်သည်။ ထိုကိစ္စကို ဒေါ်သူဇာပင် သိရှိခဲ့ခြင်း မရှိပေ။
စဝ်ခွန်နောင်လည်း ဘယ်သူမှ မရိပ်မအောင် ဖာသိဖာသာပင် နေထိုင်ခဲ့လေသည်။
သို့သော်
စဝ်ခွန်နောင်၏ စိတ်ထဲတွင် စဝ်ရွှေနောင်အား မလို မုန်းတီးစိတ် ဖြစ်ပေါ်နေသည်။
စဝ်ရွှေနောင်သည် ရုပ်ဆင်းရူပကာလည်း ချောမောပြီး စကားပြောရည်မွန်ကာ စာပေအရာတွင်လည်း
ထူးချွန်သည်။ ပိုဆိုးသည်က မြန်မာပြည်အောက်ပိုင်းတွင် ပညာသွားသင်စဉ် စဝ်ခွန်နောင် တစ်ဖက်သက်ကြိုက်နှစ်သက်ရသော
မာလာမှာ စပ်ရွှေနောင်နှင့် မေတ္တာမျှသွားခြင်း ဖြစ်သည်။
ပညာတော်သင်ယူပြီးပါက
စဝ်ရွှေနောင်သည် နေရပ်ပြန်၍ မာလာနှင့် လက်ထပ်မည်။ ထို့နောက် ဖခင်ကြီးဖြစ်သူ
စဝ်ဘသိုက်ဆီမှ အမွေများ အကုန်ရရှိမည်။ ထိုသို့ အဖြစ်ကို စဝ်ခွန်နောင်
အရောက်မခံနိုင်ပေ။ ထို့ကြောင့် လှို့ဝှက်သော အကြံအစည်တို့ကို အမြဲမပြတ်
ကြံစည်နေလျက်ရှိသည်။
တစ်ရက်သော်
စောဘွားကြီး စဝ်ဘသိုက်နှင့် ဇနီး ဒေါ်သူဇာတို့ ပလိပ်ရောဂါဖြင့် ကွယ်လွန်ကြောင်း
သတင်းကြားသည်နှင့် စဝ်ရွှေနောင် အရုပ်ကျိုးပြတ် ပူဆွေးဝမ်းနည်းလေတော့သည်။ ကွယ်ရာမှ
ကြိတ်၍ ဝမ်းသာနေသူမှာ စဝ်ခွန်နောင် ဖြစ်သည်။ သူမျှော်လင့်ထားခဲ့သောနေ့ရက်တို့
ရောက်ရှိလာပြီဖြစ်သည်။ ထင်ထားသည့် အတိုင်းပင် အမွေများအားလုံးကို စဝ်ရွှေနောင်က
ရရှိပြီး သူဌေးကြီး၏ လုပ်ငန်းများကို ဦးစီးရသည်။
တစ်ရက်တွင်
စဝ်ခွန်နောင်မှာ စော်ဘွားကြီး စဝ်ဘသိုက်၏ လက်ရုံးဖြစ်သူနှင့် ပူးပေါင်းကြံစည် ၍
စဝ်ရွှေနောင် ကုန်သွယ်လိုက်သွားရာမှာ တစ်နေရာအရောက်တွင် ချောင်းမြောင်းလုပ်ကြံ သတ်ဖြတ်လိုက်တော့သည်။ စဝ်ရွှေနောင် သေဆုံးသွားသောအခါ
အမွေများကို စပ်ခွန်နောင် မှရရှိခဲ့သည်။ မာလာကိုလည်း စဝ်ရွှေနောင်ကုန်သွယ်သွားရာမှ
ဓါးပြများနှင့် ရင်ဆိုင်ရစဉ် ကွယ်လွန်ခဲ့သည် ဟူ၍ လိမ်လည်ကာ လက်ထပ် ယူခဲ့လေသည်။
ထို့နောက် ဇာတ်မြှုပ်နေထိုင်ရန် ပိုင်ဆိုင်မှုအားလုံးရောင်းချ၍ အောက်ပိုင်းဒေသတွင်
လာရောက်နေထိုင်ခဲ့တော့သည်။
ဥက္ကာဖတ်နေသည့်
စာအုပ်ကို အလန့်တကြားပိတ်လိုက်မိသည်။ ဒါ့ကြောင့် အဖုန်းမှာ SKN လို့ရေးထားတာကိုးး။
SKN ဆိုတော့ စဝ်ခွန်နောင်ပေါ့။ ဒါဆို စဝ်ရွှေနောင် က စဝ်ရွှေနောင် မဟုတ်ဘူး
စဝ်ခွန်နောင်ပေါ့။ စိတ်ထဲတွင် ရှုတ်ထွေးသွားသည်။ သူသိခဲ့သော အကြောင်းအရာများသည်
အားလုံးတလွဲများ ဖြစ်၍ နေသည်ပဲ။ စာအုပ်ကို အံဆွဲထဲသို့ ပြန်ထည့်ပေးလိုက်စဉ်
အနောက်မှ စာအုပ်စင်အား တံတောင်ဖြင့် တိုက်လိုက်မိသဖြင့် စာအုပ်တစ်အုပ်
ပြုတ်ကျသွားသည်။
'
ဖုန်း'
တိတ်ဆိတ်လွန်းသည့်
အချိန်တွင် စာအုပ်ပြုတ်ကျသံက အလွန်ကျယ်လောင်သွားသည်။ ဥက္ကာ အခြေအနေကြည့်ရင်း
စာအုပ်ကို မူလနေရာသို့ ပြန်ထည့်သွင်းလိုက်သည်။
'
ချောက် '
စာအုပ်မှ တစ်စုံတစ်ခုနှင့် ထိမိသွားသလို အသံထွက်လာပြီး စာအုပ်စင်မှာ
ဘေးတိုက်ရွေ့လျားသွားရာ မြေအောက်ခန်းသို့ ဆင်းရာ လမ်းကလေးတစ်ခု ပေါ်လာသည်။
'
ဟာ.. မြေအောက်ခန်းပဲ မြနှင်းဆီများရှိမလား'
ဓါတ်လင်းကို
ထုတ်ယူ၍ မြေအောက်ခန်းသို့ သတိကြီးစွာ ဆင်းလာခဲ့တော့သည်။
မြေအောက်ခန်းတွင်
ထူးထူးခြားခြား ဘာမျှရှိမနေပါ။ စားပွဲတစ်လုံး၊ ထိုင်ခုံတစ်ခုံတစ်လုံးနှင့်
လူတစ်ရပ်ခန့်ရှိသော သေတ္တာ တစ်လုံးသာရှိသည်။ ဥက္ကာ စူးစမ်းချင်စိတ်ကြောင့်
သေတ္တာကိုဖွင့်ကြည့်သည်။ မရ။ တော်တော်အားစိုက်ဖွင့်လိုက်မှ အဖုံးကြွသွားပြီး
ပွင့်သွားသည်။
ပွင့်သွားသည်နှင့်
အလွန်ဆိုးရွာသောအပုပ်နံ့ကြောင့် နှာခေါင်းကို အလျင်အမြန်ပိတ်လိုက်မိသည်။
ထို့နောက်
ဓတ်လင်းဖြင့် ထိုးကြည့်ရာ….
'
ဟာ… ဒေါ်မာလာ'
ဟုတ်ပါသည်။
ဒေါ်မာလာ သေဆုံးခဲ့သည်မှာ တစ်ပတ်ကျော်ကျော်လောက်ရှိမည်ထင်သည်။ ရုပ်ပျက်ဆင်းပျက်တော့
ဖြစ်မနေသေးပေ။ ဘေးနားတွင် သွေးစွန်းနေသော ဓါးတစ်လက်ရှိသည်။ ဒေါ်မာလာ၏ ရင်ဘက်တွင်
သွေးစများ တွေ့ရှိရသဖြင့် အဆိုပါဓါးဖြင့် သတ်ဖြတ်ခံခဲ့ရန်တူသည်ဟု
ကောက်ချက်ချလိုက်သည်။
ထိုစဉ်
အနောက်ဖက်မှ ခြေသံလိုလို ကြားမိသည်ဟု ခံစားရသဖြင့် လှည့်ကြည့်လိုက်သည်။
'
ခွပ်'
လူတစ်ဦး၏
ပုံသဏ္ဍာန်ကို မသဲမကွဲ မြင်လိုက်ရပြီး ကြီးမားလေးလံသော အရာဖြင့် ဦးခေါင်းကို
ရိုက်နှက်ခံလိုက်ရသဖြင့် လောကကြီး တစ်ခုစလုံး အမှောင်ထု အတိဖုန်းလွှမ်းသွားတော့သည်။
……………………………………………………………………………….
မြို့ဦးစေတီ၏
ဆွဲလဲသံလေးများသည် လေအဝှေ့တွင် သာယာဖွယ်ရာ တစ်ချွင်ချွင် ဖြင့် မြည်နေသည်။ ထို့အတူ
မြနှင်းဆီ၏ ဆံနွယ်လေးများသည်လည်း လေတွင် လွင့်မျောနေသည်။ မြို့ဦးစေတီကလေးသည်
သူတို့နှစ်ဦးကို စတင်ဆုံဆည်းစေခဲ့သော နေရာလေးဖြစ်ပြီး ယခုဆိုလျှင် မကြာခဏ
အတူလာရောက်လေ့ရှိသော နေရာလေး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
မြနှင်းဆီမှာ ချိတ်ထဘီနှင့်
ရင်ဖုံးကို ဝတ်ဆင်ထားပြီး သနပ်ခါးပါးကွက်ကလေးများကို ပင် ကွက်ထားသေးသည်။
'
ရော့ ဒါ မြနှင်းဆီ ကိုဥက္ကာကို ပေးမယ်ဆိုတဲ့ လက်ဆောင် ဖွင့်ကြည့်'
ဥက္ကာဖွင့်ကြည့်လိုက်တော့
အလွန်လှပသောဖောင်တိန်လေး။ ' ကျေးဇူးတင်ပါတယ် မြနှင်းဆီ တန်ဖိုးကြီးတာဆိုတော့
လက်ခံရမှာ အားနာတယ်'
'
အားမနာပါနဲ့ ကိုဥက္ကာ ဒီလက်ဆောင်လေးက ကိုဥက္ကာ မြနှင်းဆီကို ကူညီခဲ့တာနဲ့ စာရင်
ဘာမှမရှိပါဘူး'
ဥက္ကာလည်း
မြနှင်းဆီအတွက် ကြိုတင် ခူးယူလာသော တောပန်းကလေးများကို ဦးခေါင်းထက်တွင်
ပန်ဆင်ပေးလိုက်သည်။
'
လှလိုက်တာ မြနှင်းဆီရယ်'
'
တောပန်းလေးတွေကလှတာလား မြနှင်းဆီက လှတာလားကို ဥက္ကာ'
'
မြနှင်းဆီရဲ့အလှကို တောပန်းလေးတွေ မယှဉ်နိုင်ပါဘူးရယ်'
'
ကိုဥက္ကာကတော့ မြနှင်းဆီကို စိတ်ချမ်းသာအောင် အမြဲပြောပေးတတ်တယ်နော်.. ဒါပေမယ့်
မြနှင်းဆီ မပျော်နိုင်ပါဘူး ကိုဥက္ကာရယ်'
'
ဘာဖြစ်လို့လည်း မြနှင်းဆီရဲ့'
'
ဖေဖေလေ…. သူ့မိတ်ဆွေရဲ့သားနဲ့ သဘောတူနေတယ်… လူငယ်ချင်း သဘောကျရင် အမြန်
စီစဉ်ပေးမယ်တဲ့'
'
မြနှင်းဆီ ဘာဖြေလိုက်လဲဟင်'
'
မြနှင်းဆီ ငြင်းလိုက်တယ် ကိုဥက္ကာ၊ မြနှင်းဆီ ကိုဝဏ္ဏကိုမှ မကြိုက်တာ…ဒါပေမယ့် ဖေဖေက
ဆုံးဖြတ်ပြီးပြီဆို ရင် အတင်းအကြပ်လုပ်တတ်လို့ ကြောက်ရတယ်'
'
ကိုဝဏ္ဏက အဘက်ဘက်က ပြည့်စုံတယ်လေ မြနှင်းဆီရဲ့ … မြနှင်းဆီတို့နှစ်ယောက်သာ ပေါင်းဖက်မယ်ဆိုရင်
နေနဲ့လ ရွှေနဲ့ မြလိုများ ဖြစ်နေမလားပဲ'
'
အချစ်မှာ ဆင်းရဲတာ ချမ်းသာတာ၊ ပြည့်စုံတာ မပြည့်စုံတာ တွေက အဓိကမဟုတ်ပါဘူး
ကိုဥက္ကာ၊ ချစ်ရတဲ့သူကို ကြင်ကြင်နာနာနဲ့ဆက်ဆံဖို့၊ ထာဝရသစ္စာရှိဖို့နဲ့
ကာကွယ်ပေးနိုင်ဖို့ပဲလိုပါတယ်၊ နှင်းဆီကတော့ အဲ့လို လူတစ်ယောက်ကို တွေ့ခဲ့ပြီ
ထင်တာပဲ'
မြနှင်းဆီ၏
စကားအဆုံးတွင် ဥက္ကာ ထိန်းချုပ်မရအောင် ရင်တွေလှုပ်ရှားသွားသည်။ ရင်ထဲမှ
စကားတို့သည်လည်း အထိန်းအကွပ်မဲ့ လျှံကျလာတော့သည်။
'
မြ မြနှင်းဆီကို ကို အ အရမ်းချစ်တယ်…'
မြနှင်းဆီမှာ
ကလေးလေးတစ်ယောက်လို အသံလွင်လွင်လေးဖြင့် ရယ်မောပြန်လေသည်။
'
မြနှင်းဆီရော ကိုယ့်ကို ချစ်နိုင်မလားဟင် ပြန်ပြောပေးပါမြနှင်းဆီရယ်'
'
မြနှင်းဆီက မိန်းကလေးလေ ကိုဥက္ကာရဲ့ စဉ်းစားဖို့ အချိန်လေးပေးပါဦးနော်…
နောက်တစ်ပတ်ကျရင် ဒီမြို့ဦးစေတီလေးကို ပဲလာခဲ့လေ…. မြနှင်းဆီစောင့်နေမယ်'
'
ဝမ်းသာလိုက်တာ မြနှင်းဆီရယ်… အရမ်းချစ်တယ်'
'
အို '
ဥက္ကာ
မြနှင်းဆီ၏ လက်ကလေးကို ဆုပ်ကိုင်လိုက်သဖြင့် မြနှင်းဆီ၏ ပါးနုနုထက်တွင်
ရှက်သွေးလေးများဖြင့် နီမြန်းသွားလေသည်။
နော်ကတစ်ပတ်ကြာသော်
ဥက္ကာ မြို့ဦးစေတီကလေးတွင် မြနှင်းဆီကို ရင်ခုန်စွာ စောင့်မျှော်နေသည်။ မိုးချုပ်သွားသည်အထိ
စောင့်ဆိုင်းနေသော်လည်း မြနှင်းဆီ ရောက်လာခဲ့ခြင်း မရှိပါ။ မြနှင်းဆီအတွက်
ရည်ရွယ်၍ သီကုံးခဲ့သော စံပယ်ပန်းကုန်းကလေးကို မြို့ဦးစေတီ၏ ခြေရင်းတွင် ထားရှိ၍
ပြန်လာခဲ့တော့သည်။
'
နိုးလာပြီလား မောင်ဥက္ကာ'
ဦးခေါင်းတွင်
ကိုက်ခဲနေသောဒဏ်ရာကြောင့် လေးလံနေသော မျက်ခွံများကို အားယူ၍ ဖွင့် ကြည့်လိုက်သည်။
'
ဦးစဝ်ရွှေနောင်… မ မဟုတ်ဘူး ခင် ခင်ဗျား… ဦးစဝ်ခွန်နောင်'
ခြေတွေလက်တွေလှုပ်လို့
မရသဖြင့် ကြည့်လိုက်ရာ ထိုင်ခုံတစ်လုံးပေါ်တွင် ကြိုးဖြင့် တုတ်ထားခြင်း
ဖြစ်ကြောင်း တွေ့ လိုက်ရသည်။
'ဟားဟားဟား……..
မေင်ရင်က ငါ့အကြောင်းတွေ အကုန်သိသွားပြီပဲ…. ဒါမောင့်ရင့်အတွက်တော့
သိပ်မကောင်းဘူးနော်'
'
ကျွန်တော် မြနှင်းဆီကို လာရှာတာ သူဒီမှာ ရှိတယ်ဆိုတာ ကျွန်တော် သိတယ်'
'
ဒါဆိုရင်တော့ မောင်ရင်လွဲသွားပြီ… မနက်က မောင်ရင် အိမ်ကိုလာရှာကတည်းက တစ်ခုခု
ကြံစည်လာမယ်ထင်လို့ မြနှင်းဆီကို မောင်ဝဏ္ဏဆီ ညတွင်းချင်းပဲ ပို့ထားလိုက်ပြီ'
'
ဘာာ… ခင်များဘယ်လိုလုပ်လိုက်တာလဲ… မြနှင်းဆီက ဝဏ္ဏကို မချစ်ဘူးဗျ…
သူစိတ်ဆင်းရဲရမှာ… '
'
အဲတာလည်းသိတယ်…. ဒါပေမယ့် မြနှင်းဆီ မောင်ဝဏ္ဏနဲ့ လက်ထပ်မှ လုပ်ငန်းတွေ
အားလုံးအဆင်ပြေလာမှာ.. တရားမဝင်တဲ့ လုပ်ငန်းလေးတွေကို တရားဝင်ဖြစ်လာစေဖို့က
မောင်ဝဏ္ဏပဲ ကူညီနိုင်တယ်'
'
လုပ်ငန်းအတွက် နဲ့ သမီးကို ရောင်းစားတယ်…. ခင်ဗျား လူစိတ်မှ ရှိသေးရဲ့လား'
'
မင်း မသိသေးဘူးထင်တယ်… မြနှင်းဆီက ငါ့သမီး မဟုတ်ဘူး'
'
ဘာ… ခင်ဗျား ဘာပြောတာလဲ .. ခင်ဗျားသမီးမဟုတ်ဖူးဆိုတာ ဘာသဘောလဲ'
'
မင်းနားလည်အောင်ပြောရရင် မြနှင်းဆီက ငါနဲ့ရတဲ့ကလေးမဟုတ်ဘူး… စဝ်ရွှေနောင်နဲ့
ရတဲ့ကလေး… ငါ မာလာကို လက်ထပ်တော့ မာလာမှာ ကိုယ်လေးလက်ဝန်နဲ့ ပါလာခဲ့တာ… နောက်ပြီး
ဒေါ်မာလာရဲ့ ရုပ်အလောင်းကို မြင်ပြီး ဖြစ်မှာပါ… သူမမျှော်လင့်ပဲ စဝ်ရွှေနောင်ကို
ငါသတ်ခဲ့တယ်ဆိုတာ သိသွားခဲ့တယ်… သူက အရေးပိုင်မင်းဆီမှာ ဒီအမှုတွေအားလုံးကို
ဖွင့်ချဖို့ ကြိုးစားခဲ့လို့ ငါနှုတ်ပိတ်လိုက်ရတာပဲ'
ဥက္ကာ
ဦးစဝ်ခွန်နောင် ပြောပြသည်များကို နားထောင်ရင်း အလွန်တရာ စက်ဆုတ် ရွံရှာလာမိသည်။
'
ခင်ဗျားက မကောင်းဆိုးဝါးကြီးပဲ ဦးစဝ်ခွန်နောင်'
'
ဟုတ်တယ်…. မင်းကတော့ မကောင်းဆိုးဝါးရဲ့
နားရွက်ကိုမှ တံတွေးလာစွတ်တဲ့ မအူမလည်လေးပဲ…. ဟောဒီမှာရှိနေတဲ့အရာတွေ အားလုံးကို
ဖျက်ဆီးဖို့ စီစဉ်ပြီး ပြီ…. မင်းလည်း ဒီသက်သေခံပစ္စည်းတွေနဲ့အတူ ပျက်စီးတဲ့
အထဲပါသွားမှာပါ'
ဦးစဝ်ခွန်နောင်မှ
ဓါတ်ဆီပုံးကို ထုတ်ယူလာပြီး တစ်အိမ်လုံးကို လိုက်လံ ပတ်ဖြန်းနေသည်။ ဥက္ကာ
ချည်နှောင်ထားသော ကြိုးတို့ကို ဖြည်ရန်ကြိုးစားသော်လည်းမရပေ။ အလွန်ခိုင်မြဲသော
အုန်းဆံကြိုးများကြောင့် ချည်ထားသောနေရာများတွင် သွေးများရဲရဲနီနေသည်။
'
ခဏလေးနဲ့ အာလုံး ပြီးသွားမှာပါ မောင်ဥက္ကာ … နှုတ်ဆက်ခဲ့ပါတယ်'
ဦးစဝ်ခွန်နောင်မှ
ယမ်းမီးခြစ်ကို ခြစ်၍ ဓါတ်ဆီလောင်းထားသော ကြမ်းပြင်ရှိရာသို့ ပစ်ချလိုက်သည်။
'
ဝုန်း'
မီးစမှာ
ဓါတ်ဆီနှင့် တွေ့သည်နှင့် ကြမ်းပြင်တစ်လျောက် အလျံတညီးညီးဖြင့်
တောက်လောက်သွားတော့သည်။
အပိုင်း (၃) (ဇာတ်သိမ်းပိုင်း) မျှော်..