Friday 13 May 2016

အိပ်မက်မဟုတ်သော အိပ်မက်များ


'ကျနော့်မှာ မေးခွန်းတွေအများကြီး ရှိတယ်'

ကျနော့်အသံကြားတော့ သူက မျက်မှန်ကို ပင့်တင်လိုက်ရင်း ခပ်ဆွေဆွေ ကြည့်သည်။

ဘာတွေ ရှုပ်နေပြန်ပြီလဲဆိုတဲ့သဘော

နံရံမှာကပ်ထားတဲ့နာရီသံတစ်ချက်ချက်က တလောကလုံးမှာ အကျယ်ဆုံးလိုဖြစ်နေသည်။
အခန်းကျဉ်းလေးထဲမှာ မီးသီးလေးတစ်လုံးနဲ့ ရှုပ်ပွနေတဲ့ ပစ္စည်းတွေနဲ့ စာအုပ်တွေက နေရာအနှံ့....
ခြောက်ကပ်နေတဲ့ အာခေါင်တွေကို ရှင်းလိုက်ရင်း အရဲစွန့်ရင်း မေးလိုက်တယ် 'ခင်ဗျားဒီကို ဘာလာလာ လုပ်နေတာလဲ'

'ဟားဟားဟားဟား'

ဆိုင်းမဆင့်ဗုံမဆင့် အက်ကွဲနေတဲ့ ရီသံကြီးကြောင့် ခုံပေါ်ကတောင် ထခုန်မိတော့မလို ဖြစ်သွားသည်။ ကန်ဘောင်လေးထဲမှ ငါးလေးများ လန့်ဖြတ် ပြီး ဟိုဒီ ကူးခတ်နေသည်။

မင်း ပြူတင်းပေါက်ကနေ ကြည့်လိုက်စမ်းပါ တလောကလုံးမှာ ဘယ်သူမှ မရှိဘူး။ ဘာမှ အရေးမပါတော့ဘူး။ ငါရှိနေလို့လဲ ဘာမှ အရေးမကြီးဘူး။

သူပြောမှ လိုက်ကာကိုဖယ်ပြီး ပြူတင်းပေါက်မှ ကြည့်မိသည်။ မည်းမှောင်နေသည့် လမိုက်ည တစ်ည။ ပိုးကောင်တို့၏ ခပ်တိုးတိုး အော်သံမှ တစ်ပါး အားလုံး တိတ်ဆိတ်နေသည်။ သူပြောမှ ကျောတောင် ချမ်း လာသလို ဖြစ်သွားသည်။

ဒါပေမယ့် ခင်ဗျားအခုလို သူများ အခန်းထဲကို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နေတာ တော့ မကောင်းဘူးလေ။
သူက မျက်လုံးလေးကို မှေးစင်းလိုက်ပြီး ' ဒီမာ.. မင်း ငါ့ကိုကျေးဇူးတင်သင့်တယ်... မင်းတစ်ယောက်တည်း နေတာ ဘယ်လောက်ကြာပြီလဲ.. မင်းမှာ ခုလို စကားပြောဖော်တောင် ရှိလို့လား'

သူ့စကားက အနာကို တုတ်နဲ့ထိုးသလိုဖြစ်သွားသည်။ မျက်မှန်လေးကို အသာအယာ ချွတ်ယူရင်း သူက ဆက်ပြောသည်" ပြီးတော့ မင်းငါ့ကို မောင်းထုတ်လို့ မရပါဘူး ဟုတ်တယ်မလား"

ကျနော်သူ့ကို ကြည့်ရင်း ဒေါသထွက်သွားသည်။ သူ့ပုံက အသားခပ်လတ်လတ် ပိန်ပိန်ပါးပါး မျက်လုံးမှေးမှေးနဲ့ ရီလိုက်ရင် ဗီလိန်နှင့် အလွန်တူသည်။ ထူးခြားတာက မေ့စေ့တည်တည့်တွင် မှည့်တစ်ခုရှိသည်။ အသံက ကြောင် လည်ပင်းညှစ်ထားတဲ့ အသံ။ တိတိပပ ပြောရရင် ဝတ်ပုံစားပုံက အဖေတို့ခေတ်က ဓါတ်ရှင်မင်းသားပုံနှင့်။

'ခင်ဗျားဘာလိုချင်တာလဲ' ကျနော် ခပ်ပြတ်ပြတ် မေးလိုက်သည်။ ခါတိုင်းလည်း သူလာနေကျဖြစ်သည်။ ထိုစဉ်တွေတုန်းကတော့ စကားမယ်မယ်ရရ မပြောဖြစ်ခဲ့။ ခုတော့ သူနဲ့ တွေ့နေရတာ တစ်ခုခုမှား သလို ခံစားနေရသည်။

'လိုချင်တာ မရှိပါဘူး... မင်းကငါ .. ငါကမင်းပဲလေ.. မင်းအထီးကျန်နေတဲ့အချိန် တစ်စုံတစ်ယောက်လိုအပ်နေတဲ့ အချိန် ငါလာပေးတယ် ဒီလောက်ပဲ..' သူက ပြုံးစစ လုပ်နေသေးသည်။ နှုတ်ခမ်းမွှေးသာ တပ်ပေးလိုက်ရရင် Tom & Jerry ထဲက ကြောင်ရုပ်နှင့် တော်တော် တူသွားမည်။

'ကျွန်တော်က ကျွန်တော်ပဲ ခင်များက ခင်များပဲ။ နောက်ပြီး.. ကျနော် ကိုယ့်ဖာသာကို နေတတ်ပါတယ်၊ ခင်ဗျားကို လည်းကျေးဇူးတင်တယ် နောက်ရက်ကစပြီး မလာပါနဲ့တော့'

သူ့မျက်နှာက ရုတ်တရက် တင်းမာ ခက်ထန် သွားသည်။ ဒါပေမယ့် ဘာမှ မဖြစ်သလို ပြုံးစစ ပြန်လုပ်ရင်း ' မင်းသိလား ငါမင်းကို သတိထားမိတာ ငါလည်း မင်းလို အထီးကျန်တဲ့ သူတစ်ယောက်မို့ အချင်းချင်း ဖေးမချင်ခဲ့ယုံ သက်သက်ပဲ'
သူက ထိုင်ရာမှ ထရပ်လိုက်ရင်း ခပ်စိမ်းစိမ်းကြည့်သည်။ ' ငါဒီနေ့လာခဲ့တာ အရင်နေ့တွေကလို အလည် သက်သက်ပဲ မဟုတ်တော့ဘူး... မင်းက ငါ့ကို မောင်းထုတ် ချင်နေပြီဆိုတော့ အဲ့လိုမဖြစ်အောင် လုပ်ရတော့မယ်... ဒီနေ့က စပြီး မင်းနဲ့ ငါနဲ့ကို ခွဲလို့ မရစေရတော့ဘူး.. နောက်တစ်နည်း ပြောရရင် မင်းနဲ့ ငါနဲ့တွေ့တာ နောက်ဆုံးလည်း ဖြစ်နိုင်တယ်။

ဟာာာ....။ ကျနော် ခေါင်းနပန်းကြီးသွားသည်။ သူဘာလုပ်မှာလဲ ကျနော့်ကို သတ်မှာလား။ ဒီအချိန်ကြီးကျမှ အော်ဟစ်အကူအညီတောင်းလည်း ဘယ်သူမှ လာနိုင်မယ် မထင်။

မင်းကြောက်နေတာလား... ဟက်ဟက်ဟက် ... မင်း အစတည်းက ငါ့ကို မောင်းမထုတ်ခဲ့သင့်ဘူး... မင့်ဆုံးဖြတ်ချက်ကို ပြင်ချင်သေးလား.. အိုး ဆောရီး သိပ်နောက်ကျသွားပြီ ပြင်လည်း မထူးတော့ဘူး....။
သူ့မျက်နာက ရက်စက်ကောက်ကျစ်တဲ့ အရိပ်တွေ ဖုန်းလွှမ်းသွားသည်။ ငါဘာလုပ်ရမလဲ... ။ စိတ်ကို တည်တည် ငြိမ်ငြိမ်ထားမယ်။ ရင်ဆိုင်မယ် ဘာဖြစ်ဖြစ်။ အညံ့တော့ မခံနိုင်ဘူး။

ဆုံးဖြတ်ချက်ချလိုက်ပြီး ဆေးလိပ်တိုကို မီးညှိသည်။ သောက်လက်စကော်ဖီကိုလည်း မော့ချလိုက်သည်။ နီကိုတင်းနှင့် ကဖင်းဓါတ်တို့က လည်ချောင်းတစ်လျှောက် ပူပြီး ဆင်းသွားသည်။ မျက်စိ သူငယ်အိမ်တို့ ပိုမိုကျယ်ပြန့်လာသည်။ နဖူးကချွေးတွေသုတ်ပစ်လိုက်ရင်း သူ့ကို ရင်ဆိုင်လိုက်သည်။

ဟမ်.......။ မရှိတော့..။ ကျနော့်မြင်ကွင်းတွင် သူမရှိတော့ပါ။ ပြေးစရာ မရှိသော အခန်းကျင်းလေးတွင် ပျောက်ချင်းမလှ ပျောက်သွားသည်။ ကိုယ့်မျက်လုံးကို မယုံနိုင်တော့။ ဗီဒိုတွေထဲ မီးဖိုချောင်တွေထဲလဲ လိုက်ရှာသည် ... မတွေ့။

ဘာရှာနေတာလဲ....။ ခြောက်သွေ့အပ်ကွဲနေသည့် သကောင့်သား အသံက ခေါင်းထဲမှ ထွက်ပေါ်လာသည်။
' မင်း... မင်းး ဘယ်မှာလဲ... ။ ခုချက်ချင်းထွက်လာစမ်း' စိုးရိမ်ကြောက်ရွံစိတ်တွေက ငယ်ထိပ်ရောက်နေသည်။
'ငါ မင်းခန္ဓာကိုယ်ထဲမှာ .... ဒီမှာ သိပ်နွေးပြီး နေလို့ကောင်းတယ် ... ငါမင်းအတွက် အံ့သြစရာ လက်ဆောင်လေးပေးမှာပါ ဟားဟားဟား...'

ကျနော်ဆောက်တည်ရာမဲ့အောင်သွေးပျက်သွားသည်။ သူ့ ခန္ဓာကိုယ်ထဲမှာ.. ။ ဘယ်လိုလုပ်မလဲ..။ အတွေးတွေ ယောက်ယက်ခက်နေတုန်းမှာပဲ ကျနော့်ရဲ့ ခြေလက်တွေ လှုပ်ရှားသွားတယ်။

' ဟင် ... မင်းဘာလုပ်မှာလဲ' ကျနော့်ရဲ့လက်တွေက ဂိုထောင်ထဲက ကြိုးခွေကို ထုတ်ယူရင်း မျက်နှာကျက်မှာ တပ်ဆင်နေသည်။

မလုပ်ပါနဲ့ကွာ.... ။ ငါတောင်းပန်ပါတယ်။ မောင်းမထုတ်တော့ပါဘူး....။ မင်းနဲ့ငါနဲ့က သူငယ်ချင်းတွေလေ...။ ငါမလုပ်တော့ပါဘူးကွာ... ။ ကျေးဇူးပြုပြီး မလုပ်ပါနဲ့....။ ဘယ်ရောက်သွားပြီလဲ... စကားပြောဦးးး

ကျနော့်လည်ပင်းက အသင့်ချည်ထားထဲ ကြိုးကွင်းထဲရောက်နှင့်နေပြီ။ သွားပြီ.....။ ဘဝက ဒီလောက်တောင် ခါးသွားတာလား...။ ဒီမှာ ဆုံးပြီလား။ မျက်ရည်တွေက တားလို့မရအောင် ကျဆင်းနေသည်။ နှလုံးခုန်သံက နံရံက နာရီသံထက် ပိုမိုကျယ်လောင်နေသည်။ ဦးခေါင်းအတွင်း သွေးတိုးသံက မိုးခြိမ်းနေသလိုပင်..။

 ထိုစဉ်မှာပင် မတ်တပ်ရပ်နေသော ခုံမှာ လဲကျသွားလေသည်။
.....................
.
.
.
.
.
.
ကျနော့်နားထဲမှာ ပိုးကောင်လေးတွေ အော်မြည်သံကြားနေရသည်..

ကြားဖူးနေကြအသံလိုမဟုတ် စည်းချက်ကျကျအော်နေတဲ့ ပုံစံမျိုးဖြစ်သည်။ နားထောင်ကြည့်နေရင်း ပိုးကောင်အော်သံက ပိုပိုကျယ်လောင် လာသည်။ နားမခံနိုင်သော အသံတစ်မျိုးကို တစ်ဖြည်းဖြည်း ကူးပြောင်းလာနေသည်... မခံနိုင်သည့် အဆုံး မျက်လုံးကို အားယူဖွင့်ကြည့်မိသည်..

"တီ တီ တီ တီ တီ"

အော်....။ Alarm မြည်နေတာပဲ..။ ငါမသေသေးပါလား...။ ဘေးဘီ ဝဲယာကြည့်မိသည်။ မနေ့ညက လုပ်စရာရှိတဲ့ အလုပ်တွေလုပ်ရင်း စားပွဲပေါ် အိပ်ပျော်သွားတာပဲ။ ကွန်ပြူတာမှ run လက်စ program များ မပိတ်ရသေးပဲ ပွင့်နေသည်။ ဘေးမှာ ကော်ဖီခွက်နှင့် ဆေးလိပ်အပိုင်းအစများ.....။

ဟားဟားဟား.....။ အိပ်မက်ဆိုးမက်တာပဲ။ တော်သေးတယ်။ ပေါ့ပေါ့ပါးပါးရယ်လိုက်ရင်း အိပ်မှုန်မွှားနဲ့ မျက်နှာသစ်ရန် ရေချိုးခန်းထဲသို့ ဝင်လိုက်သည်။ ရေပူ ဘုံဘိုင်ကို လှည့်ဖွင့်လိုက်ရင်း မျက်နှာသစ်လိုက်သည်။

အဲ့....။ ဘယ်လိုလဲ ငါတော်တော်ပိန်သွားပါလား။ ကိုင်နေကျလို မဟုတ် မျက်နှာက..။ အာ့နဲ့ ရေငွေ့ရိုက်နေသည့် မှန်ကို ကြည်သွားအောင် လက်နှင့် ပွတ်လိုက်သည်။

လက်ထဲက သွားပွတ်တံ လွတ်ကျသွားသည်။

မှန်မှာ မြင်နေရတာ မျက်လုံးမှေးမှေး .....

မေးစေ့မှာ မှဲ့နှင့်.........။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...