Saturday 14 May 2016

မြနှင်းဆီ (အပိုင်း - ၁)



'တင်းတောင်'

လူခေါ်ခေါင်းလောင်းကို နှိပ်ရင်း လူတစ်ရပ်မက မြင့်သော ကျွန်းတံခါးကြီး၏ ရှေ့တွင် စောင့်ဆိုင်းနေမိသည်။ ကျွန်းတံခါးကြီးမှာ အလွန်တရာကြီးမားပြီး ခန့်ညားထည်ဝါသော စံအိမ်ကြီးနှင့် လွန်စွာ လိုက်ဖက်ညီလှသည်။ တံခါးတွင် ခြင်္သေ့တစ်ကောင် မာန်ဖီနေသည့် ပုံကို လက်ရာမြောက်စွာ ထွင်းထုထားသည်။ ထို့ပြင် လှပသော ကနုတ်ပန်းခက်များဖြင့် ရေးထိုးထားသည်က ' မြမဉ္ဇူ ' စံအိမ်ဟူ၍ ဖြစ်သည်။

စောင့်ရတာ ကြာလာဟန်ဖြင့် လူခေါ်ခေါင်းလောင်းကို နောက်တစ်ခေါက်ထပ်တီးလိုက်သည်။ ယခုလို တံခါးကြီးရှေ့တွင် ရပ်နေရင်း စိတ်ကူးထဲတွင် မိမိမှာ အလွန်သေးငယ်သွားသယောင် သိမ်ငယ်ဖွယ်ရာ ခံစားလိုက်ရသည်။

'ကျွီ'

'အော် ဘယ်သူများလဲလို့ မောင်ဥက္ကာပဲ.. ဝင်လေကွယ်' 

တံခါးဖွင့်လိုက်သည်နှင့် ဦးစဝ်ရွှေနောင် ၏ မျက်နှာကို တွေ့လိုက်ရပြီး ဖော်ဖော်ရွှေရွှေ ဧည့်မံတက ပြုသည်။ သူ့၏နာမည်ကို သိနေ၍ လည်း အံ့သြသွားသည်။

' အန်ကယ်ကိုယ်တိုင်လာဖွင့်ပေးတော့ အားနာရပါတယ်... အိမ်စေ တစ်ယောက်ယောက် လွှတ်ရင် ရပါတယ်'
'ဘယ်သူမှ မရှိဘူး မောင်ရင် တစ်အိမ်လုံး ခရီးသွားကြတယ်... အခု အိမ်မှာ အန်ကယ် တစ်ယောက်ပဲရှိတယ် လာလာ အိမ်ထဲဝင်.. '

အိမ်ထဲတွင် ပြင်ထားသည့် အပြင်အဆင်တို့က ဖိတ်ဖိတ်တောက်နေသည်။ ကြီးမားလွန်းသည့် ကျွန်းတိုင်လုံးကြီးများ၊ မီးပန်းဆိုင်းများ၊ ပန်းချီကားများဖြင့် ပြည့်နေသည်။ အလွန်ကြီးမားသော တောကောင်ကြီးများ၏ ဦးချိုများ၊ အရေခွံများကိုလဲ ချိတ်ဆွဲထားသည်။

' လာပါ မောင်ရင်ရဲ့ ထိုင်ပါဦး..'

တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေသည်ကို သတိပြုမိဟန်ဖြင့် ထပ်မံဖိတ်ခ်ါနေသည်..

ဦးစဝ်ရွှေနောင်၏ ချမ်းသာ ကြွယ်ဝမှုမှာ ခန့်မှန်း၍ မရနိုင်ပေ။ အဘဘုန်းကြီး၏ ပြောစကားအရတော့ ကြားဖူးနားဝါးရှိနေခဲ့သည်။ ဦးစဝ်ရွှေနောင် သည် ရှမ်းစော်ဘွားကြီး စဝ်ဘသိုက် ၏ ဒုတိယမြောက်သား ဖြစ်သည်။ စဝ်ဘသိုက်သည် မျိုးရိုးစဉ်ဆက် ကြွယ်ဝသော ကုန်သည်မျိုးရိုးမှ ဆင်းသက်လာသူတစ်ဦးဖြစ်သည်။ ထို့နောက် ဒေါ်သူဇာနှင့် အကြောင်းပါ၍ စဝ်ရွှေနောင်ဟူသော သားတစ်ယောက်ထွန်းကားခဲ့သည်။

စဝ်ရွှေနောင်ကို မွေးပြီးများမကြာမီ မြေလတ်ပိုင်းသို့ စဝ်ဘသိုက် ကုန်သွယ်သွားရာမှ ပြန်လာသောအခါ မွေးစားရန် ဟူသော အကြောင်းပြချက်ဖြင့် ကလေးတစ်ယောက်ပါ ခေါ်လာခဲ့သည်။ ဒေါ်သူဇာလည်း သားအရင်းနှင့်မခြား ပြုစုစောင့်ရှောက်ခဲ့သည်။ ထိုကလေးမှာ စဝ်ခွန်နောင် ဖြစ်သည်။ ကလေးများ အရွယ်ရောက်လာသော အခါ အောက်မြန်မာပြည်သို့ စေလွှတ်၍ ပညာသင်ယူစေသည်။

စဝ်ရွှေနောင်နှင့် စဝ်ခွန်နောင်တို့ ပညာသင်နေစဉ်မှာပင် စော်ဘွားကြီး စဝ်ဘသိုက်နှင့် ဒေါ်သူဇာတို့မှာ ပလိပ်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ စော်ဘွားကြီး၏ အမွေများနှင့် လုပ်ငန်းများကို စဝ်ရွှေနောင်က ရရှိခဲ့ပြီး ဒေါ်မာလာနှင့် လက်ထပ်ထိန်းမြားခဲ့ရာ သမီးလေးတစ်ဦး ထွန်းကားခဲ့သည်။ စဝ်ခွန်နောင်မှာမူ ပညာသင်ပြီးသော် နယ်အရပ်သို့ ခရီးထွက်သွားပြီး သတင်းလည်း ရေအိုင်ထဲသို့ ကျသော အပ်တိုပမာ စုံးစုံးမြုပ်သွားခဲ့သည်။
' လာရင်းကိစ္စဘာများလဲကွယ့် '

ဦးစဝ်ရွှေနောင်၏ စကားကြားမှ အတွေးများကြားမှ အသိပြန်ဝင်သွားသည်။
' မြနှင်းဆီကို လာတွေ့တာပါ.. စာသင်လည်း မလာတာ သုံးလေးရက်ရှိပြီ ဆိုတော့ နေထိုင်များမကောင်းလို့များလား လို့ စိတ်ပူလို့ပါ '

' သမီးကနေကောင်းပါတယ် မောင်ရင်.. ခရီးသွားကြတော့ ပါသွားတယ်'

'ဘယ်တော့လောက်ပြန်ရောက်မလဲ ခင်ဗျာ.. ကျွန်တော့ကိုလည်း ဘာမှမပြောသွားလို့'

' ဆွေမျိုးတွေနေရပ်ဖြစ်တဲ့ မိုင်းလားကို ပြန်သွားတာ... ပျော်သလောက်နေဖို့ ပြောထားတယ်.... တော်တော်နဲ့တော့ ပြန်ရောက်လောက်ဦးမှာ မဟုတ်ဘူး'

ဦးစဝ်ရွှေနောင် ညာနေသည်ဟု ခံစားရသည်။ မြနှင်းဆီ တစ်ကယ်ခရီးသွားမည်ဆိုလျင် သူ့ကို သေချာပေါက် ပြောမှာပဲထင်သည်။ အခုက ဆိုင်းမဆင့် ဗုံမဆင့် ခရီးသွားသည်ဟုပြောသည်။ နောက်ပြီး အိမ်မှာ အိမ်စေ တစ်ယောက်တစ်လေမှ မကျန်ခဲ့သည်က ထူးဆန်းနေသည်။

' အခြားကိစ္စမရှိရင်တော့ မောင်ရင် ပြန်သင့်ပြီ .. ဦးလည်း ကိစ္စလေးတွေရှိသေးလို့.... ဪ.. ဒါနဲ့ သမီးနဲ့ မောင်ရင် ဘယ်လို ရင်းနှီးသွားတယ်ဆိုတာ မသိပေမယ့် ရှေ့လျောက်ဆင်ခြင်ရင်ကောင်းမယ်... သမီးကို မောင်ဝဏ္ဏက လက်ဆက်ဖို့ ကမ်းလှမ်းထားတယ်.... ဦးလည်း ကန့်ကွက်စရာမရှိလို့ သဘောတူ လိုက်ပြီ.. ကိုယ့်ရဲ့အခြေအနေကိုလည်း ကိုယ်မမေ့နဲ့ပေါ့ကွယ်'

ကြားရသော စကားတို့တွင် အံ့သြခြင်း၊ ဝမ်းနည်းခြင်း ၊ ခံပြင်းခြင်းတို့ ရောပြွမ်းလျက် အံကို တင်းတင်း ကြိတ်၍ နှုတ်ဆက်စကားပင် မဆိုအားပဲ လှည့်ထွက်ခဲ့မိတော့သည်။
......................................................
' ဟော.... မောင်ရင် ဥက္ကာပါလား '

' ကပ္ပိယကြီးပါလား ဘာတွေ အလုပ်ရှုပ်နေသတုန်း'

' မနက်ဖြန် ဆွမ်းအမကြီး တစ်ယောက်ရဲ့ အလှူအတွက် ချက်ပြုတ်ဖို့ စီစဉ်ပေးနေတာ.. '
' ကျွန်တော်ဘာကူညီရဦးမလဲ ကပ္ပိယကြီး '
' ရပါတယ်ကွယ် ကူညီမယ်ဆိုရင်တော့ ဆွမ်းချက်ဖို့ ထင်းလိုသား '
' ကျွန်တော် ထင်းခွဲပေးမယ်လေ ကပ္ပိယကြီး... ဘဘုန်းကြီးရော..'
' အိမ်းး ..ဆရာတော်ကတော့ မြိုင်သာမှာ တရားပွဲရှိလို့ သွားလိုက်တယ် .. အခုကိစ္စတွေတောင် လွှဲထားခဲ့တာ တူကြီးရ'

အလုပ်ရှုပ်နေသော ကပ္ပိယကြီးကြောင့် သဘောကျစွာ ပြုံးလိုက်ရင်း ထင်းခွဲရန် အပေါ်အကျီကို ချွတ်လိုက်သည်။ အနည်းငယ်ညိုမောင်းသော အသားအရည်ပေါ်တွင် ယောက်ကျားပီသသော ခန္ဓာကိုယ် အချိုးအစားက ထင်းခနဲ ပေါ်လွင်နေသည်။ ခွဲရမည့် ထင်းတွေ ကို စုပုံလိုက်ပြီး အင်အားအပြည့်ဖြင့် ပေါက်ချလိုက်သည်။ မြနှင်းဆီအတွက် စိတ်ပူမိသည်ကတော့ အမှန်။ ဘယ်တွေရောက်လို့ ဘာတွေ ဖြစ်နေလဲ မြနှင်းဆီရေ။ စိတ်ပူစွာတွေးနေမိရင်း သူမ၏ အေးချမ်းသော မျက်နှာလေးက ပြန်မြင်ယောင်ကာ စိတ်တို့ က နှစ်ယောက်ဆုံတွေ့ခဲ့သော ကာလဆီသို့ ပြန်လည် ရွေ့လျားသွားသည်။

ဥက္ကာမှာ မိဘမဲ့ဖြစ်ပြီး ဆရာတော်ဦးသီလမှ ငယ်စဉ်ကတည်းက ကောက်ယူမွေးစား ကျွေးမွေးခဲ့သည်။ သင်ကြားအပ်သော စာပေ ဗဟုသုတများကိုလည်း သင်ကြားပေးခဲ့သည်။ လူပျိုပေါက်အရွယ် ရောက်သည်အထိ ဆရာတော် ကျောင်းအတွက် အမှုကိစ္စများကို ဆောင်ရွက်ပေးပြီး ညနေပိုင်း အားလပ်ချိန်ရသည်နှင့် ကပ္ပိယကြီး၏ တူဖြစ်သူ ဗြတ္တဆီမှ မြန်မာ့ရိုးရာ သိုင်းကို သင်ယူသည်။

' သိုင်းဆိုတာ ကိုယ်က သူများကို မချခင် ကိုယ်ကိုယ်တိုင်က အချခံရတယ်... ရန်သူနဲ့တိုက်ခိုက်တဲ့အခါ ခံနိုင်ရည်ရှိအောင် လေ့ကျင့်ရတယ်.. ဒါကိုပဲ အစွဲပြုရင်း ကိုယ်ခံပညာရယ်လို့ ဖြစ်လာတာ ဖြစ်တယ်' ဗြတ္တက ပြောရင်း လျင်မြန်စွာ ဝင်ပူး၍ ခြေခတ်လိုက်သည်။ ဥက္ကာလည်း အချိန်မှီရှောင်တိမ်းလိုက်ရင်း ခတ်သောခြေကို တံတောင်ဖြင့် ဖယ်တွက်တွက်လိုက်သည်။ ထို့နောက် အနောက်သို့နှစ်လှမ်း ဖားခုန်ခုန်သည်။

' ဘယ်ဆိုးလို့လဲ ' ဗြတ္တမှ အထင်ကြီးဟန်ဖြင့် ဆက်လက်၍ မနားတမ်း တံတောင် ဒူး ခြေလက် တိုက်ကွက် အစုံဖြင့် ဆက်လက်တိုက်ခိုက်ရာ ဥက္ကာမှာ မနားတမ်း ကာကွယ်ရင်း ရှောင်တိမ်းနေရသည်။ တစ်ချက် အလစ်အငိုက်တွင် ဗြတ္တ၏ ခြေကန်ချက်ကို လှည့်ရှောင်ရင်း နံကြားသို့ တံတောင်ဖြင့် တွက်လိုက်ရာ ဗြတ္တမှာ မိမိအရှိန် မိမိ မထိန်းနိုင်ပဲ အရှေ့သို့ ယိမ်းယိုင်သွားလေသည်။

' ဟားဟား... ဘယ်ဆိုးလို့တုန်း မောင်ဥက္ကာ တိုးတတ်လာပါပကော... ကဲ တူတော်မောင်ကြီးရ နောက်ဆို မောင်ဥက္ကာကို လျော့တွက်လို့ မရတော့ဘူးနော'

ကပ္ပိယကြီး၏ အသံကြားမှ နှစ်ယောက်စလုံး အသံလာရာကြည့်မိသည်။ ဘယ်အချိန်တည်းက စောင့်ကြည့်နေသည် မသိရပေ။ ' ဟုတ်တယ် ဘကြီးရ ညီတော်မောင် ဥက္ကာဒီလောက်တိုးတတ်လာပုံထောက်ရင် ရှေ့လျောက်မလွယ်ဘူးရယ်'
' ကဲကဲ လွယ်တာမလွယ်တာ ခဏထား ... ဆရာတော် မြို့ဦးစေတီ မွန်းမံရေးအတွက် အခြေအနေသွားကြည့်တယ်... အဲ့တာ မင့်လိုက်သွားလိုက်ဦး'

' ဟုတ်ကဲ့ပါ ကပ္ပိယကြီး ခုပဲ သွားလိုက်ပါ့မယ်... ကဲ နောက်ရက်မှ ဆက်လေ့ကျင့်တာပေါ့.. သွားလိုက်ဦးမယ် ကိုရင် ဗြတ္တ'
' အေးအေး သွားသွား... ပြန်ရောက်ရင် အိမ်ဖက်လှည့်ဝင်ခဲ့ဦး.... မင့်မရီး ဟင်းကောင်း ချက်ခိုင်းထားမယ်'
ကိုဗြတ္တ၏ အိမ်မှာ စားအိမ်သောက်အိမ်လို ဖြစ်နေသဖြင့် အမြဲဝင်ထွက်နေရာ... ဥက္ကာတစ်ယောက်အတွက် ညစာ အထူးတလည် ပူပင်နေစရာ မလိုချေ။ နောက်ကျလျှင် ဘဘုန်းကြီး စိတ်ဆိုးနေမည် စိုးရိမ်သဖြင့် ချက်ချင်း ထွက်လာခဲ့တော့သည်။

မြို့ဦးစေတီနား မရောက်ခင် တစ်ခေါ်လောက် အလိုတွင် မထင်မှတ်ထားသော မြင်ကွင်းတစ်ခုအား မြင်လိုက်ရသည်။
' အို ရှင်တို့နော် ကျွန်မ အော်လိုက်မှာ ... လွှတ်လေ ... လွှတ်နော်...'

' ဟဲဟဲ ခဏလေးပါ အမိရာ စကားလေးပဲ ပြောမှာ ခဏပဲ လိုက်ခဲ့... တို့ဆရာသမားက ကြာရင် သိပ်စိတ်မရှည်ချင်ဘူးရယ် '

' မလိုချင်ဘူး... ရှင်တို့ကိုလည်း ကျွန်မမသိဘူး လွှတ်လွှတ်... '
မြင်ကွင်းအောက်တွင် မိန်းကလေးတစ်ဦးကို လူလေး ယောက်မှ ဆွဲလားရမ်းလား လုပ်နေသဖြင့် ဥက္ကာ ထောင်းခနဲ ဒေါသထွက်သွားသည်။ ' ဟေ့ကောင်တွေ မင်းတို့ဒါဘာလုပ်တာလဲ ' 

' ဒီမှာ မောင်ရင် ကိုယ့်လမ်းကိုယ်သွားရင် ကောင်းမယ် မဟုတ်ရင် မင့် သေတွင်း မင့်တူးသလို နေလိမ့်မယ်'
' မတရားတာ မြင်ရင်တော့ ရပ်ကြည့်မနေနိုင်ဘူး... မင့်တို့ ကံဆိုးပြီမှတ်'
' ဟောကောင်တွေ ကြာတယ်ချ ကွာ' 

လူလေးဦးအနက်မှ နှစ်ဦးမှ သစ်သားတုတ်ကိုယ်စီဖြင့် ပြေးဝင်လာသည်။
ဥက္ကာလည်း သတိကို လျင်လျင်ထား၍ လျှင်မြန်စွာ လှုပ်ရှားလိုက်သည်။ 

' ခွပ်' ' ဒုတ်' 'ဖြောင်း'

ဦးစွာပြေးဝင်လာသောတစ်ဦး ကို အလျင်ဦးအောင် ထိုးလိုက်ပြီး ဒုတိယတစ်ဦး၏ ရိုက်ချက်ကို တံတောင်ဖြင့်ကာ ၍ လက်ပြန်ရိုက်ချလိုက်သည်။
တတိယတစ်ဦးမှ ခေါက်ဓါးကို ထုတ်ယူလိုက်ပြီး ပြေးဝင်ထိုးလိုက်သည်။ 

ဥက္ကာမှ ကိုယ်ကို အနည်းငယ် ယို့ပေးလိုက်ပြီး မျက်နှာဆီသို့ ဒူးဖြင့် တိုက်လိုက်ရာ ခွေခနဲ လဲသွားသည်။ နောက်ဆုံးကျန်သူတစ်ဦးမှာ အခြေအနေ မဟန်သည်ကို မြင်သည်နှင့် ခြေသုတ်တင်ကာ ပြေးလေးတော့သည်။ လဲကျနေသည့် သုံးဦးလည်း အလျိုလျို ထပြေးသွားကြသည်။

' ကျေး ကျေးဇူးတင်ပါတယ်ရှင်... သူတို့ကျွန်မကို နှောက်ယှက်နေတာ ဒါနဲ့ပါဆို နှစ်ခါရှိပါပြီ... အခုက တစ်ယောက်တည်း ဆိုပြီး အတင့်ရဲတာ...'

ဥက္ကာ အခုမှ မိန်းကလေးကို အသေအချာကြည့်လိုက်မိသည်။ လှရက်လေခြင်း။ မျက်လုံးကလေးများသည် ဝိုင်းစက်နေ၍ မျက်ခုံးကလေးများသည် စင်ယော်ပမာ။ ဖွေးနုသော အသားအရည်နှင့် မည်းနက်သော ဆံပင်ရှည်တို့မှာ လိုက်ဖက်ညီလှသည်။ ကိုယ်လုံးကိုယ်ပေါက်မှာ မယ်ဗမာ ရှုံးမည်ထင်သည်။

' အို ရှင် ရှင်သွေးတွေ ထွက်နေတယ်.. '

သူမ အထိတ်တလန့် ပြောမှ မိမိ လက်မောင်းကို ပြန်ကြည့်မိသည်။ ဓါးဦးဖြင့် အနည်းငယ်ပွတ်မိသွားသဖြင့် လက်မောင်းတွင် အနည်းငယ် သွေးထွက်သွားသည်။ 

' ရပါတယ် .. ရှပ်ထိမိသွားတာ... ဒါနဲ့ အမိက ဘယ်သွားမှာလဲ လိုက်ပို့ပေးမယ်လေ'
' မြို့ဦးစေတီကို လာတာ မဝေးဘူး ... ရှင်က ဖြစ်ပါ့မလား.. အော် ဒုက္ခပါပဲလေ... ရော့ ဒါလေးနဲ့ ချည်ထားလိုက်'
ပါလာသည့် လက်ကိုင်ပဝါလေးနှင့် ဒဏ်ရာကို ချည်ပေးနေသည့် သူမကို ကြည့်ရင်း ဥက္ကာ ရင်ဘက်ကြီး ပွင့်ထွက်မတတ် ရင်တွေ ခုန်နေမိသည်။ ' ကျွန်တော်လည်း မြို့ဦးစေတီသွားမှာ တူတူသွားတာပေါ့'

' ဘယ်လိုကျေးဇူးတင်ရမလဲ မသိတော့ဘူး ကို အဲ ဘယ်သူ....'
' ကျွန်တော် ဥက္ကာပါ'
' ညီမနာမည်က မြနှင်းဆီပါ' 

အော် ... မြနှင်းဆီတဲ့လား။ နာမည်လိုက်အောင်ကို နှင်းဆီပန်းလေးသဖွယ် နူးညံ့လှပပါပေတယ်။ ထိုညနေခင်းသည် .. ဘဝတစ်သက်တာ တွင် အသာယာဆုံး ဖြစ်မည် ထင်ပါသည်။
....................................................
' ပြောပါဦး ဒါက ဘယ်လို ဖြစ်လာတာလဲ'

' ကျွန်တော် တို့ကို နှောက်ယှက်တဲ့ သူရှိလို့ပါ.... မြနှင်းဆီကို ခေါ်လာမလို့ပါပဲ... ဘယ်သူမှန်းမသိတဲ့ တစ်ယောက်ရောက်လာပြီး ထိုးနှက်သွားတယ် '

' အဲ့တာနဲ့ မင်းတို့က ပျော်ပျော်ကြီး အထိုးခံ ခဲ့တယ်ဆိုပါတော့ '

' အဲ့လူက ကိုယ်ခံပညာ တော်တော် ကောင်းလို့ပါ... '

' မင်းတို့ ပြောလိုက်ရင် ဆင်ခြေဆင်လတ်တွေချည်းပဲ... ငါ့အလုပ်ရှင်ကို ဘယ်လို မျက်နှာပြရမှာလဲ... ပိုက်ဆံက ယူထားပြီးနေပြီ ..... မင်းကို လုပ်ခိုင်း လိုက်တာ ရွေးစေ့လောက်လေး... ခုလို ကြိုးစားပန်းစား ငါ့ရဲ့ သိက္ခာကို တင်ပေးတယ်ဆိုတော့လည်း ဆုပေးစရာလေး ရှိတယ် ..... ဒ်ီမာ ဒါက ဘာလေးလည်း သိလား'

မြင့်စိုး ပလာယာကို မြင်သည်နှင့် မျက်လုံးတို့ ဝိုင်းစက်သွားသည်။
' မင်းတပည့်တစ်ယောက်ကိုရွေးလိုက်'
' ဗျာ '
' မရွေးရင် မင်းဖြစ်သွားမှာနော် ရွေးလိုက်'

' ဒီကောင်ပါ'

မြင့်စိုးမှာ ကြောက်ကြောက်နှင့် အငယ်ကောင်ကို ထိုးပေးလိုက်သည်။ အငယ်ကောင်က ကြောက်လို့ မျက်ရည်တွေပါကျနေသည်။

'အေးကြည့်ထား.... ခိုင်းထား ဖြစ်အောင်မလုပ်ပေးနိုင်ရင် ဘာဖြစ်လဲဆိုတာ'

' အာာားးးးးးး'
အငယ်ကောင်၏ လက်သန်းကို ပလာယာဖြင့် ညှပ်ဖြတ်လိုက်သဖြင့် သွေးများ ပန်းထွက်လာသည်။ထို့နောက် ကြမ်းပြင်ပေါ်တွင် လဲကျ၍ လူးလှိမ့်နေတော့သည်။

' မြင်တယ်နော်..... နောက်တစ်ခါ ခိုင်းလို့ အချိုးမပြေရင် ဖြတ်မယ့်လက်သန်းက မင့်သက်သန်း ဖြစ်သွားမယ်... ခေါ်သွားလိုက်တော့... မယောင်ရာ ဆီဝင်လူးတဲ့ ကိုယ်တော်ကို စုံစမ်းထား....  '

မြင့်စိုး ပျံနေသော ဇောချွေးများကို သုတ်လိုက်ရင်း အငယ်ကောင်ကို တွဲကူလျက် ထွက်သွားလေသည်။

အပိုင်း (၂) မျှော်


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...